နေပြည်တော် ဇန်နဝါရီ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ Forever Yay Wati ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်မှုလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများနှင့် စတူဒီယိုများ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ရှင်းလင်းဆောင်၌ Forever Yay Wati ကုမ္ပဏီမှ Project Director ဦးသိန်းထွန်းအောင်က ပင်းတယဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးကို အခြေခံသော ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်မှုလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများနှင့် စတူဒီယိုများ တည်ဆောက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
အောင်မြင်အောင် ဆောင်ရွက်
ယင်းနောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်နှင့် အနုပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုစီမံကိန်းသည် ရုပ်ရှင်အဆင့်အတန်း မြင့်မားလာရေးနှင့် ရုပ်ရှင်မှတစ်ဆင့် ဒေသစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လုပ်ဆောင်သည့် စီမံကိန်းဖြစ်သဖြင့် ကောင်းမွန်သည်ဟု ပြောကြားလိုကြောင်း၊ ရုပ်ရှင်မြို့တော် ပေါ်ပေါက်လာရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား နိုင်ငံတော်အစိုးရက လိုအပ်သည့် မြေနေရာများ ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အပြောလွယ်သလောက် လုပ်ဆောင်ရသည်မှာ ခက်ခဲပါကြောင်း၊ ယခုအကောင်အထည်ဖော်သည့် လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံရသည့်ပမာဏ များပြားလွန်းသဖြင့် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ဤစီမံကိန်းအောင်မြင်ပါက ပင်းတယဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရုံသာမက ခရီးသွားလုပ်ငန်းများကိုပါ တွဲဆက်လုပ်ကိုင်နိုင်မည်ဖြစ်သဖြင့် မိမိတို့အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ အောင်မြင်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရှမ်းပြည်နယ်အစိုးရတို့နှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်းရှိ မြေနေရာများတွင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ဆောင်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ကူညီဆောင်ရွက်ပေးမည်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်တွင် ယခုကဲ့သို့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့မြင်ရ၍ ဝမ်းမြောက်မိပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းလုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး ပြည်နယ်အစိုးရအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် Forever Yay Wati ကုမ္ပဏီက ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြေဆီလွှာထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စတူဒီယိုများ၊ နားနေဆောင်များ၊ ရိုက်ကူးရေးသုံး အဆောက်အအုံများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် MRTV DTH စလောင်း အစုံ ၂၀ နှင့် DVB T2 Set top box အလုံး ၅၀ အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းသို့ ပေးအပ်သည်။
ပေးအပ်လှူဒါန်း
နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့သည် တောင်ကြီးရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် တင်လှူပူဇော်ခြင်းလုပ်ငန်းများကို ကြည့်ရှုကာ အလှူ ငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ် လှူဒါန်းသည်။
ဆောင်ရွက်ပြီးစီး
စူဠာမုနိ လောကချမ်းသာစေတီတော်မြတ်ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၈-၅-၂၀၂၃ ရက်နေ့က ရောက်ရှိဖူးမြော်စဉ် လမ်းညွှန်မှာကြားချက်အရ စေတီတော်မြတ်ကြီး မိုးရေယိုစိမ့်မှုပြင်ဆင်ခြင်းလုပ်ငန်းကို ၂၅-၃-၂၀၂၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၃၀-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ၂၄-၁၂-၂၀၂၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၅-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ စေတီတော်မြတ်ကြီးအတွင်း၊ အပြင် ဆေးသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းနှင့် စေတီတော် မြတ်ကြီး ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ၁၂-၄-၂၀၂၄ ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၃၀-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
သတင်းစဉ်