နေပြည်တော် ဇန်နဝါရီ ၂၉
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူလိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ကျိုက်လတ်မြို့နယ်၊ ကျုံမငဲ့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၄ ဦး၊ ခွဲစိတ်ရောဂါ ၁၉ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၅၃ ဦး၊ အရိုးရောဂါ ၆၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၇၉ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိလူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာ ၃ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည်-
“ မျက်စိလည်း မကောင်းဘူး။ သွားတွေလည်း မကောင်းဘူး။ အဲဒါနဲ့ လာပြတာပါ။ ဆရာဝန်တွေက အခမဲ့ ဆေးလာကုပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့။ လာမယ်ဆိုပြီး သတင်းကြားလိုက်ကတည်းက ပြမယ်ဆိုပြီး တကဲကဲလုပ်နေတာပါ။ အခုက အစစအရာရာ အဆင်ပြေတယ်လေ။ ကိုယ့်ရပ်ရွာနဲ့ နီးနီးနားနားလာကုတော့ ကုန်းကြောင်းလာလို့ရတယ်။ အိမ်တိုင်ရာရောက် လာရောက်ကုသ ပေးသလိုပဲ။ အားလုံးရဲ့ကိုယ်စား အထူးပဲကျေးဇူးတင်ပါတယ်။”
“လေဖြတ်တဲ့အတွက်ကြောင့် အကြောတွေတက်တယ်၊ အကြောတွေ ဆိုင်းတယ်၊ မျက်လုံးတွေမှုန်တာ သုံးနှစ်၊ လေးနှစ်လောက်ဖြစ်နေတာ ဘာမှမလုပ်နိုင်ဘူး။ အပြင်ဆေးခန်းမှာ တစ်လတစ်ခါ ပြနေရပါတယ်။ အပြင်မှာ ပြရင် ပိုက်ဆံလည်း တော်တော်ပေးရပါတယ်။ ဒီမှာလာပြတော့ အခကြေးငွေမပေးရတဲ့အတွက် အလွန်အဆင်ပြေပါတယ်။ အခက်အခဲအနေနဲ့ကတော့ မထနိုင် မစားနိုင်ဖြစ်နေတာပါ။ အခုလို အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့က ဆရာဝန်၊ ဆရာမတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်” ဟု ဆိုသည်။
သတင်းစဉ်