နေပြည်တော် ဇန်နဝါရီ ၂၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။
ပြောကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် မသိမဖြစ်သိရှိရမည့် ဥပဒေ၊ နည်းဥပဒေများကို လေ့လာမှတ်သားရမည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနက ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေများအပြင် ဆက်စပ်ဆောင်ရွက်ရသည့် အခြားသောဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေများကိုလည်း သိရှိလေ့လာရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရန်၊ ပွင့်လင်းမြင်သာမှုရှိရန်၊ ရာထူး၊ နေရာအလိုက် စီမံခန့်ခွဲတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်လိုအပ်ကြောင်း၊ ယနေ့ဆွေးနွေးချက်များကိုသေချာစွာ လေ့လာမှတ်သားပြီး လုပ်ငန်းတာဝန်နှင့် ဘဝအတွက် လိုအပ်သည့်ပညာရပ်များကို ဆက်လက်လေ့လာသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး လက်ထောက်အတွင်းဝန် ဦးကီးလိန်းက “၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ” ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်တင်တင်နွယ်က “တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များနှင့် တိုင်းရင်းသားရေးရာဆိုင်ရာ ပြဋ္ဌာန်းချက်များ”ကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသန်းက “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါအခွင့်အရေးများနှင့် နည်းဥပဒေများ” ကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်