Skip to main content

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျုံမငဲ့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၈

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယ​နေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျုံမငဲ့ကျေးရွာသို့ရောက်ရှိကြရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကျိုက်လတ်မြို့နယ် ကျုံမငဲ့ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၆၁ ဦး၊ ခွဲစိတ်ရောဂါ ၁၃ ဦး၊ သားဖွား/မီးယပ်ရောဂါ သုံးဦး၊ ကလေး ရောဂါ ၁၈ ဦး၊ အရိုးရောဂါ ၂၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ခုနစ်ဦး၊ မျက်စိရောဂါ ၆၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ယင်းတို့အနက် ဓာတ်မှန်ရိုက်လူနာ ကိုးဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၃ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီးဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် လူနာလေးဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါ သည်-

“ကျိုက်လတ်မြို့နယ် ကျုံမငဲ့ကျေးရွာအုပ်စု ကုလားမကျေးရွာကနေ လာပြတာပါ။ အတက်ရောဂါနဲ့ အာရုံကြောအားနည်းလို့လာပြတာပါ။ အိပ်ရေးပျက်တာများတယ်။ အလုပ်လုပ်တာ ပင်ပန်းတာ ဖုန်းတွေကြည့်တာ များရင်ဖြစ်တယ်။ ခဏခဏတော့မဖြစ်ပါဘူး။ တစ်လတစ်ကြိမ်လောက် ဖြစ်တယ်။ တစ်ကြိမ်ဖြစ်ရင်လည်း သုံးလေးခါ လောက်ဖြစ်တယ်။ ဒီမှာတော့ အခကြေးငွေမကုန်ဘူးပေါ့။ အခြားဆေးရုံ/ ဆေးခန်းတွေ သွားပြရင်တော့ အနည်းဆုံးနှစ်သောင်း သုံးသောင်းလောက်ကုန်တယ်။ ဒီမှာ တစ်ပြားမှ မကုန်ဘဲလာပြရတာဆိုတော့ ကိုယ့်အတွက်လည်း အကျိုးရှိတယ်။ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အများအကျိုးအတွက်လာပြီး ကူညီဆောင်ရွက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။”

“သွေးဝမ်းသွားတာ လေးငါးခြောက်လ၊ ခုနစ်လလောက်ရှိပြီ။ ဗိုက်ထဲမှာလည်း အလုံးပေါ်လာတယ်။ ငွေရေးကြေးရေးလည်း အခက်အခဲရှိတယ်။ မောင်နှမသုံးယောက် အပျိုကြီး/ လူပျိုကြီးတွေဆိုတော့ တော်ရုံတန်ရုံ ဆေးရုံဆေးခန်းမရောက်ဘူး။ ဆင်းလည်းဆင်းရဲတော့ မပြနိုင်ဘူးပေါ့။ အခုလိုအခမဲ့လာပြီးကုသပေးလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အာထရာဆောင်းလည်း ရိုက်ပေးတယ်။ တကယ်စိတ်ရှည်လက်ရှည်နဲ့ လုပ်ပေးကြပါတယ်။ ဝန်ထမ်းအားလုံးနဲ့ ဆရာ ဆရာမ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။”     

သတင်းစဉ်