တောင်ကြီး ဇန်နဝါရီ ၂၈
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ တက်ရောက်အားပေးကြသည်။
ဂုဏ်ပြုချီးမြှင့်
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းလွင်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့၊ မြန်မာ့သိုင်းသရုပ်ပြအဖွဲ့၊ Fitness Dance အဖွဲ့၊ ဦးရွှေရိုး၊ ဒေါ်မိုးအကအဖွဲ့နှင့် ကိန္နရီ၊ ကိန္နရာအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့နောက် ကာယ၊ ဉာဏ ပြိုင်ပွဲများဖြစ်သည့် ရုပ်ပုံဆက်၊ စကားပုံဆက်၊ မြားပစ်၊ စက်ဝိုင်းလှည့်၊ ဂုန်နီအိတ်စွပ်၊ ဆန်ကောရွက်၊ ခုံဖိနပ်စီး၊ ခွက်နင်း၊ ခါးလှည့်ပြိုင်ပွဲများနှင့် စာအုပ်အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ကျောင်းသား ကျောင်းသူများအား အာဟာရဒါနများပေးဝေငှကာ ကလေးငယ်များအား အမှတ်တရ အရုပ်လက်ဆောင်များပေးအပ်၍ ပညာ့ဗိမာန်ကျောင်းစာကြည့်ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်း မြသီရိခန်းမ၌ကျင်းပရာ တောင်ကြီးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်”၊ “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါသည်” Video Clip တို့ကို ပြသသည်။
ဖတ်ရှုကြရန်လို
ထို့နောက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်တွင် လူတိုင်းလူတိုင်းက အသိပညာကိုရှာမှီးပြီး မိမိဘဝကို လှပစွာဖန်တီးလျက်ရှိကြပါကြောင်း၊ လူငယ်များအနေဖြင့် အသိပညာရှာမှီးပြီး မိမိတို့ဘဝတိုးတက်စေရန်နှင့် နိုင်ငံကိုအကျိုးပြုနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကိုကျင်းပပြီး လူငယ်များစာပေဖတ်ရှုလာအောင် လှုံ့ဆော်ပေးနေသော်လည်းနောင်တွင် မည်သူမျှလှုံ့ဆော်ရန်မလိုဘဲ မိမိအသိစိတ်ဓာတ်ဖြင့် စာပေလေ့လာဖတ်ရှုကြရန် လိုအပ်ပါကြောင်း။
နိုင်ငံ့အကျိုးဆောင်ရွက်စေလို
နိုင်ငံတော်အကြီးအကဲက စာပေလေ့လာဖတ်ရှုရန်၊ စာပေမှရရှိသော အသိပညာများကိုမှတ်သားရန်နှင့် အခြားသူများကိုလည်း ပြန်လည်ဆွေးနွေးမျှဝေကြရန် မှာကြားထားပါကြောင်း၊ စာကြည့်တိုက်များကို အသိပညာများ၊ သိုလှောင်ထားသည့် ပညာဘဏ်တိုက်များအဖြစ်ရှုမြင်ပြီး တန်ဖိုးထားကြစေလိုကြောင်း၊ စာအုပ်စာစောင် အဟောင်းများကို မဖတ်ရသေးပါကအသစ်ဟု သဘောထား၍ ဖတ်မှတ်လေ့လာကြရန် လိုအပ်ပါကြောင်း၊ စာမတတ်သူသည်ထိုင်နေသည့် လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူမှာ ရပ်နေသည့် လူနှင့်တူကြောင်း၊ စာတတ်ပြီး စာပေလေ့လာဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့်လူနှင့်တူသည်ဟု နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် စာလည်းတတ်၊ စာလည်းဖတ်ပြီး အသိဉာဏ်ပညာပြည့်ဝစွာဖြင့် အနာဂတ်ကို လျှောက်လှမ်းနေကြရမည်ဖြစ်ကြောင်း၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့် အသိပညာများဖြင့် မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
လက်ခံရယူ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွက် DTH စလောင်း အစုံ ၁၀ဝ နှင့် DVB T2 Set Top Box အလုံး ၁၀ဝ အား ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က လည်းကောင်း၊ တပ်နယ်များအတွက် DTH စလောင်း အစုံ ၅၀ နှင့် DVB T2 Set Top Box အလုံး ၁၀ဝ အား ပေးအပ်လှူဒါန်းရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးနိုင်လင်းကလည်းကောင်း၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် DTH စလောင်း ၁၅ လုံးအား ပေးအပ်လှူဒါန်းရာ ပြည်နယ်ပညာရေးမှူးတို့က လက်ခံရယူသည်။
ထို့နောက် ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ စာကြည့်တိုက်အသစ်များ တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပလျက်ရှိရာ ယခုပွဲတော်သည် (၁၃) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ခရိုင်နှင့်မြို့နယ်များတွင် စဉ်ဆက်မပြတ်ဆက်လက် ကျင်းပသွားမည်ဖြစ်ပါကြောင်း။
ယနေ့အချိန်တွင် ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ဗဟုသုတပြည့်စုံကြွယ်ဝဖို့ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်စေရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ရင်ပေါင်တန်းကာ သာယာဝပြောသည့် လူ့ဘောင်အသိုက်အဝန်း တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာ ကြွယ်ဝသောလူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်သဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားကာ ကျောင်းစာကြည့် တိုက်များအတွက် သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်းပေးအပ်သည်။
ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ကျောင်းအုပ်ဆရာမကြီးတို့က အလှူရှင်များထံမှ စာအုပ်စာစောင်များနှင့် အလှူငွေများ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဂုဏ်ပြုငွေများပေးအပ်
ဆက်လက်၍ တောင်ကြီးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ရှမ်းတိုင်းရင်းသားအက” ဖြင့်လည်းကောင်း၊ “ပအိုဝ်းတိုင်းရင်းသားအက” ဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြကာ အကအဖွဲ့များကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်တွင် ခင်းကျင်းပြသထားသော စာအုပ်နှင့်ဓာတ်ပုံပြပွဲ၊ သိပ္ပံပြခန်း၊ မူးယစ်ဆေးဝါး အသိပညာပေးပြခန်း၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်” နှင့် “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်” Video Clip တို့ကို ပြသသည်။
ဆွေးနွေးမှာကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မသမာသူများက သတင်းတု၊ သတင်းမှားထုတ်လွှင့်၍ ပြည်သူများအား အတွေးအမြင် လွဲမှားအောင် ဆောင်ရွက်နေကြပါကြောင်း၊ လူငယ်များအနေဖြင့် သတင်းမှားများကို မယုံကြည်ဘဲ မှန်ကန်စွာဝေဖန်ပိုင်းခြားတတ်ရန် လိုအပ်ကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်အတွက် အားကိုးအားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သဖြင့် စာပေဖတ်ရှုလေ့လာ၍ အသိအမြင်တိုးပွားအောင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တောင်ကြီးမြို့ပေါ်ရှိ တက္ကသိုလ်များအတွက် DTH စလောင်း ၁ဝ စုံ ပေးအပ်လှူဒါန်းရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်က လက်ခံရယူပြီး ကျောင်းသား ကျောင်းသူများအား DTH စလောင်း ၁ဝ စုံနှင့် DVB T2 Set Top Box ၁ဝ လုံးအား ကံစမ်းမဲဖောက်၍ လက်ဆောင်ပေးအပ်ကာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာကေသီသင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ကာကွယ်စောင့်ရှောက်
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ခန်းမ၌ ပြုလုပ်သည့် MRTV DTH စလောင်းနှင့် DVB T2 Set Top Box ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အချိန်တွင် မီဒီယာကို ကိုယ်ကျိုးစီးပွားအတွက် မလျော်မကန်အသုံးပြုနေကြကြောင်း၊ မီဒီယာများပေါ်တွင် အမှန်တရားနှင့်ကင်းလွတ်သည့် သတင်းများနှင့် ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ဖော်ပြမှုများကြောင့် အကျိုးယုတ်လျက်ရှိပါကြောင်း၊ သတင်းတု၊ သတင်းမှားများ ချေဖျက်ရန်နှင့် သတင်းမှန်များ မှန်ကန်စွာစီးဆင်းရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံအပေါ်သစ္စာစောင့်သိ၍ အဖျက်သမားများရန်မှ ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးအတွက် DTH စလောင်း အစုံ ၁၀၀ နှင့် DVB T2 Set Top Box အလုံး ၅၀ တို့အားပေးအပ်လှူဒါန်းရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးကလည်းကောင်း၊ ပအိုဝ်းအမျိုးသား အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အတွက် DTH စလောင်း အစုံ ၃၀ အား ပေးအပ်လှူဒါန်းရာ ကိုယ်စားလှယ်တစ်ဦးကလည်းကောင်း လက်ခံရယူသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ ပအိုဝ်းအမျိုးသား အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)မှ ကိုယ်စားလှယ်တစ်ဦးက DTH စလောင်းများပေးအပ်ခြင်းအတွက်လည်းကောင်း ကျေးဇူးတင်စကားများ ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့နှင့်အတူ အောင်သာယာကျေးရွာတွင် တည်ဆောက်ပြီးစီးနေသည့် အောင်သာယာစာကြည့်တိုက် အဆောက်အအုံကို သွားရောက်ကြည့်ရှုကာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
သတင်းစဉ်