ရန်ကုန် ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ဆေးဝါးသုံးစွဲသူပြည်သူအများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဆေးဝါးများ မပြတ်လပ်ရေးအတွက်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ ပံ့ပိုးမှုတို့ဖြင့် နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာကန်တော်ခန်းမ (မြင်းရုပ်အနီး) ၌ ဒုတိယအကြိမ်မြောက် ဆေးကုမ္ပဏီများက သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲကို ကျင်းပလျက်ရှိပြီး ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးကုမ္ပဏီ ၄၀ မှ ဆေးဝါးမျိုးစုံတို့ကို ပါဝင်ပြသရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဆေးဝါးဝယ်ယူရာ၌ ဝယ်ယူမရခြင်းများနှင့် အခြားသောအခက်အခဲများ ရှိနိုင်ခြင်းတို့အပြင် ဆေးဝါးမှားယွင်းဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိသော အလားတူဆေးဝါးများအား စိတ်ချစွာဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်လမ်းညွှန်မှုပြုပေးနိုင်ရန် ပြပွဲတွင်ဆရာဝန်နှင့် ဆေးဝါးနားလည် ကျွမ်းကျင်သူများအားထားရှိကာ ဝန်ဆောင်မှုပေးဆောင်ရွက်သွားမည်ဖြစ်သည်။
“ဆေးဝါးတွေကို အလွယ်တကူရရှိနိုင်ဖို့အတွက် အလှည့်ကျဆရာဝန်တွေလည်းရှိပါတယ်။ ဥပမာ ဒီဆေးသောက်ချင်တယ်ဆိုရင် ဆေးကိုလည်း ရှာပေးမယ် သို့သော် မရှိခဲ့ဘူးဆိုရင်လည်း ဒီဆေးနဲ့အလားတူသောက်လို့ရပြီး Brand ကွာမယ်၊ Chemical တူမယ့်ပုံစံမျိုးကို ကူညီရှာဖွေပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး ဆေးဝါးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း သေသေချာချာရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ ဆေးဝါးတွေအနေနဲ့ကတော့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ဆေး၊ အားဆေးအမျိုးမျိုး၊ ပိုးသတ်ဆေး၊ အပူကျဆေး၊ ချောင်းဆိုးပျောက်ဆေးစသဖြင့် ဆေးဝါးမျိုးစုံကို တစ်နေရာတည်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
လေ့လာကြည့်ရှုဝယ်ယူနိုင်
ထို့ပြင် လာမည့်ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း အရောင်းစင်တာများကို ထပ်မံဖွင့်လှစ်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ဆေးဝါးသုံးစွဲသူ ပြည်သူများအနေဖြင့် မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများကို အဆိုပါဆေးဝါးအရောင်းစင်တာများတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါဆေးဝါးတိုက်ရိုက်ရောင်းချပွဲများကို ပထမအကြိမ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ရန်ကုန်၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အရောင်းစင်တာများ ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
လင်းနေ (သတင်းစဉ်)