Skip to main content

အကျဉ်းထောင်အာဏာပိုင်များက လုံလောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားနိုင်ခြင်းမရှိကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေခဲ့

နေပြည်တော် ဇန်နဝါရီ ၂၇

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသော်လည်း အကျဉ်းထောင်အာဏာပိုင်များက လုံလောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားနိုင်ခြင်းမရှိဘဲ ထောင်အတွင်းကျွေးမွေးသည့် ပဲဟင်းနှင့်ထမင်းသည် ယခုနှစ် ဇန်နဝါရီလဒုတိယပတ်မှစ၍ မာသည့်အခါ မာ၊ ပျော့သည့်အခါ ပျော့နေသဖြင့် အစာအိမ်ရောဂါအခံရှိသူများ ဗိုက်အောင့်ဝေဒနာ ခံစားနေကြရပြီး ထမင်းစားရသည်မှာ အဆင်မပြေဖြစ်နေသည်ကို တင်ပြသော်လည်း အကျဉ်းထောင်ဘက်က တင်ပြပြောဆိုချက်များကို လက်မခံကြောင်း Khit Thit Media အမည်ခံ Facebook Pageက မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးဗဟိုအကျဉ်းထောင်တွင် ယခုနှစ် ဇန်နဝါရီလအတွင်း ဝမ်းဗိုက်ရောဂါနှင့်ပတ်သက်၍ အကျဉ်းထောင် ဆေးရုံပြင်ပလူနာဌာနသို့ လာရောက်ပြသသူ အကျဉ်းသားသုံးဦး၊ အကျဉ်းသူတစ်ဦးသာရှိပြီး မှတ်တမ်းများအရ ပြီးခဲ့သည့်လများက ဝမ်းဗိုက်ရောဂါနှင့် ဆေးရုံပြသသူ ပျမ်းမျှခုနစ်ဦးခန့်သာရှိကြောင်း၊ ဇန်နဝါရီ ၂၃ ရက်အထိ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ဆေးဝါးကုသပေးရသည့် အကျဉ်းသားအကျဉ်းသူတစ်ဦးမျှမရှိကြောင်း အကျဉ်းထောင်တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။

ထို့ပြင် မန္တလေးဗဟိုအကျဉ်းထောင်၌ ချက်ပြုတ်ပြီးသော ထမင်း၊ ဟင်းလျာများကို အကျဉ်းသားအကျဉ်းသူ၊ အချုပ်သားအချုပ်သူများထံသို့ မကျွေးမွေးမီ တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးပြီး အိပ်ဆောင်များသို့ အဖုံးပါသောစတီးအိုးများဖြင့် ဖြန့်ဝေပေးကြောင်း၊ ထမင်းနှင့်ဟင်းများသန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ခြင်/ယင် ပိုးမွှားများ မနားစေရေးတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အကယ်၍ စားသောက်မှုအဆင်မပြေမှုရှိပါက သတင်းပို့ခွင့်ရှိပြီး သတင်းပို့လာပါကလည်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကာ ယနေ့အချိန်အထိကျွေးမွေးသော ထမင်းနှင့်ပဲဟင်းများ အဆင်မပြေမှုနှင့်ပတ်သက်၍ တင်ပြမှုမရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page က ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သည်။

သစ္စာ