Skip to main content

ကျန်းမာကြံ့ခိုင်သော ကျောင်းသားလူငယ်များ ဖြစ်စေရေးအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း မိတ်ဆက်

နေပြည်တော် ဇန်နဝါရီ ၂၇

(၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်း မိတ်ဆက်အသိပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကျန်းမာရေးနှင့်ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဝန်ကြီးဌာန အခြေခံပညာသင်ရိုးညွှန်းတမ်းအသစ်များတွင် အာဟာရပညာပေး သင်ခန်းစာများကို ထည့်သွင်းရေးဆွဲသင်ကြား လေ့ကျင့်ပေးလျက်ရှိသကဲ့သို့ မိဘများအနေနှင့် ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် သန့်ရှင်းရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့်ပတ်သက်၍ ပိုမိုသိရှိလာစေရန် မိဘ၊ ရပ်ရွာလူထုနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှဦးဆောင်၍ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိသားစုများ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများနှင့် အလေ့အကျင့်ကောင်းများကို ပိုမိုသိရှိနားလည်၍ လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သောကျောင်းသားကျောင်းသူ အနာဂတ်သားကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်သောကြောင့် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက နိုင်ငံတော်၏ အရေးကြီးသောလူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝကာ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသားကျောင်းသူများသာမက ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ပေးရန်ရည်ရွယ်ပြီး ယခုပညာ သင်နှစ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ဆောင်ရွက်ရန် စီစဉ်ခဲ့ပြီး ၂၀၂၅ ခုနှစ်ဇွန်လတွင်ဖွင့်လှစ်မည့်ပညာသင်နှစ်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း၌အစားအစာများကို အစာအုပ်စု (၃) အုပ်စုပေါ်မူတည်၍ ရွေးချယ်ခြင်း၊ အာဟာရတန်ဖိုးလျော့နည်းမှု အနည်းဆုံးဖြစ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ချက်ပြုတ်ပြင်ဆင်ပုံကို လက်တွေ့သရုပ်ပြပညာပေးခြင်း၊ KG ကျောင်းသား ကျောင်းသူများအား အစာအုပ်စု (၃) အုပ်စု ပါဝင်သော ထမင်း၊ ကြက်ဥ၊ သီးစုံ ပဲဟင်း၊ ငှက်ပျောသီးတို့ကို နေ့လယ်စာအဖြစ် ကျွေးမွေးခြင်း၊ အဏုအာဟာရမှုန့် ဖြည့်စွက်တိုက်ကျွေးခြင်း၊ နေ့လယ်စာမစားမီ စနစ်တကျလက်ဆေးခြင်း၊ နေ့လယ်စာစားပြီး သွားတိုက်ခြင်း စသည့်လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်