Skip to main content

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၇

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူလိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာ၊ ဆုတောင်းပြည့်အဏ္ဏဝါဦးစေတီတော်မြတ်တွင်အခြေပြု၍ အဆိုပါမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၅၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၁ ဦး၊ ခွဲစိတ်ရောဂါ ၁၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၁ ဦး၊ ကလေးရောဂါ ၅၀ ဦး၊ အရိုးရောဂါ ၁၄၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိရောဂါ ၁၄၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၁ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၀ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါသည်-

“သမီးလုပ်တဲ့ သူကတော့ အမေဆေးခန်းသွားပြပါ။ ကိုယ်သွားပြလို့ရှိရင် လက်ထဲမှာ ပိုက်ဆံကတစ်ပြားမှမရှိဘူးလေ။ မရှိတဲ့အတွက်ကြောင့် ကျွန်မလည်းသွားမပြဘဲနဲ့ ဝေဒနာကိုပဲ ခံစားရပါတယ်။ အခုလို ဆရာတို့သင်္ဘောလာတဲ့အတွက် ကြားရတော့ အလွန်ပဲဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ မျက်စိခွဲပြီးသွားတော့ မြင်ရတာလည်း ကြည်လင်သွားပါတယ်။ ဆရာတို့ကိုလည်း မြင်တွေ့ရတယ်ဆိုတော့ အလွန်ပဲဝမ်းသာမိပါတယ်။ အခုလို ဆရာတို့နဲ့တွေ့တာ၊ ကျွန်မကို မျက်စိလေးကူညီပြီးတော့ ခွဲပေးတာ အလွန် ကျေးဇူးတင်ပါတယ်။ အိပ်ရာဝင် တိုင်းဝင်တိုင်းမှာ ဆရာတွေ အကုန်လုံးကို ကျန်းမာပါစေ ချမ်းသာပါစေလို့ ဆုတောင်း မေတ္တာပို့သပေးပါတယ်။”

“ကျွန်တော်က ဘာရောဂါလဲဆိုတော့ ဂေါက်ရောဂါပါ။ အရိုး အဆစ်တွေမှာ ဘုတွေထွက်တာပါ အဲ့တာကို လာခွဲတာပါ။ မတည့်တာစားလို့ ထွက်တယ်ပေါ့။ မတည့်တာတွေကို ရှောင်ပေးပါတဲ့။ ကျွန်တော်တို့ ကျေးရွာမှာလည်း တိုက်နယ်ဆေးရုံရှိတယ်။ သို့သော်ငြားလည်း ကျွန်တော်ခွဲမလို့ပါပဲ ဆရာဝန်က ပြောင်းသွားတယ်။ ပြောင်းရတယ်လေ။ အဲ့လိုပြောင်းရတဲ့ အခါကျတော့ ကျွန်တော်မခွဲရတော့ဘူး။ အခုလို ကျွန်တော်သွားခွဲမယ်ဆိုပြီး ရန်ကုန်ကိုသွားခွဲရမှာဆိုတော့ ကိုယ်သွားချင်တဲ့အချိန်သွားလို့မရဘူး။ အဖော်တစ်ယောက်ပါမှလေ ကျွန်တော့်မှာက နောက်ကလိုက်ပေးမယ့်သူမရှိဘူး။ အခုလို နယ်လှည့်ဆေးလာကုပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ခွဲစိပ်ပေးတဲ့အတွက်လည်း အထူးပဲ ဝမ်းသာပီတိဖြစ်ပါတယ်။ ပါရဂူတွေ စုံလင်စွာပါတဲ့အတွက် အများပြည်သူတွေလည်း ကုသခွင့်ရတဲ့အတွက် သူတို့ကိုယ်စား ဝမ်းသာပီတိ ဖြစ်မိပါတယ်။”

သတင်းစဉ်