Skip to main content

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၇

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းရှိ ဓမ္မိကာရာမတပ်ဦးကျောင်း ဆလုံဘိုးဘွားရိပ်သာ၌အခြေပြု၍ ဇာဒက်ကြီးကျွန်းနှင့်အနီး ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၃ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅ ဦး၊ ကလေးရောဂါ ၅ ဦး၊ အရိုးရောဂါ ၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅ ဦး၊ မျက်စိရောဂါ ၁၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် ဓာတ်မှန်ရိုက် လူနာ ၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၂ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါသည်-

ရောဂါတစ်ခုခုဖြစ်ပြီဆိုလို့ရှိရင် သွားရလာရတာအဆင်မပြေပါဘူး။ လှေဆိုတာလည်းရှိမှသွားရတယ်။ လှေတောင်မှပဲ အခက်အခဲရှိပါတယ်။ ဒါပေမယ့် အခုလိုမျိုးလာပြီး ကုသပေးတဲ့ အတွက်ကိုလည်း အလွန်လည်းကျေးဇူးတင်ပါတယ်။ သမီးတို့အတွက်ကတော့ အလွန်ကိုပျော်လည်းပျော်ပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ အခက်အခဲတွေအားလုံးထဲမှာ အခုလိုမျိုးလာပြီး ကုသပေးတဲ့အတွက်ကိုလည်း အလွန်ကျေးဇူးတင်ပါတယ်။

ကလေးရဲ့ အနေအထားမှန်တယ်လို့လည်း ပြောပါတယ်။ ဒီမှာပြရတာလည်း အဆင်ပြေပါတယ်။ သမီးတို့အနေနဲ့ ကော့သောင်းတစ်ခါတက်ဖို့အရေးကလည်း မလွယ်ပါဘူး။ အခုလို ဆေးသင်္ဘောလာရောက်ကုသပေးတဲ့အတွက် သမီးတို့အနေနဲ့ အကုန်လုံးအဆင်ပြေသွားပါတယ်။ OG ဆရာမက တော်တော်စိတ်ရှည်ပါတယ်။ ကလေးအနေအထားတွေ အကုန်လုံးရှင်းပြပါတယ်။ နောက်နှစ်တွေတိုင်းလည်း လာနိုင်ပါစေလို့ ဆုတောင်းပါတယ်။                

သတင်းစဉ်