Skip to main content

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၆

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာသို့ရောက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာရှိ ဆုတောင်းပြည့်အဏ္ဏဝါဦးစေတီတော်မြတ်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၃၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၂၃ ဦး၊ ခွဲစိတ်ရောဂါ ၂၀ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၂၀ ဦး၊ အရိုးရောဂါ ၆၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၁၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၈ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်။

၁။ ကျွန်တော်ကအဆစ်အမျက် ရောဂါရှိလို့ လာရောက်ပြသတာဖြစ်ပါတယ်။ အဆစ်အမျက် နာနေတာတော့ လေးငါးခြောက်နှစ်ရှိပါပြီ။ ကျန်းမာရေးအခြေအနေတွေကို အခုလိုအလွယ်တကူပြလို့ရတဲ့အတွက် အလွန်ပဲကျေးဇူးတင်ပါတယ်။ အခမဲ့လာရောက်ကုသပေးတဲ့ ဆရာဝန်ကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

၂။ အရိုးအကြောကိုပြမှာပါ။ ဒီမှာက အားလုံးအဆင်ပြေပါတယ်။ ချော်လဲထားတော့ အရိုးအဆစ်က နာတာ၊ အခုလက်ကနောက်ကို ပစ်လို့မရဘူး။ ကျွန်မတို့ဆီမှာက အရိုးအကြောဖြစ်တာများတယ်။ မျက်လုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တာများတယ်။ ဆေးရုံ၊ ဆေးခန်းတွေ သွားမယ်ဆိုရင် ကုန်ကျစရိတ်တွေက အများကြီးရှိတယ်။ ဒီမှာတော့ ကုန်ကျစရိတ်အများကြီးသက်သာမယ်။ အဝေးကိုသွားမပြနိုင်တဲ့သူတွေအတွက်ကတော့ အများကြီး အဆင်ပြေပါတယ်။ အခမဲ့ကုသပေးတဲ့အတွက် အားလုံးအဆင်ပြေပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အခုလို လာရောက်ကုသပေးတဲ့အတွက် ကျွန်မတို့ကလည်း အများကြီးကျေးဇူးတင်ပါတယ်။ ဝမ်းမြောက်ဝမ်းသာနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်လို့လည်း ပြောချင်ပါတယ်။

သတင်းစဉ်