Skip to main content

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၆

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းသို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်းရှိ ဓမ္မိကာရာမတပ်ဦးကျောင်း ဆလုံဘိုးဘွားရပ်သာ၌အခြေပြု၍ ဇာဒက်ကြီးကျွန်းနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၇၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၈၉ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၂ ဦး၊ ကလေးရောဂါ ၁၁ ဦး၊ အရိုးရောဂါ ၂၁ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃ ဦး၊ မျက်စိရောဂါ ၁၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၅ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၃ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ကြားသိခဲ့ရပါသည်။