နေပြည်တော် ဇန်နဝါရီ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မှတ်တမ်းဌာန (ရန်ကုန်) ၌ နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းများ ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခင်မှတ်တမ်းဟောင်းများကို လုပ်ငန်းဦးစားပေးအလိုက် သတ်မှတ်ဆောင်ရွက်ရန်၊ လေလွင့်ပျက်စီးမှုမရှိစေရေးနှင့် လူတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များဖြစ်၍ စနစ်တကျ မှတ်တမ်းတင်ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ခန်းမဆောင်အတွင်း၌ ခေတ်အဆက်ဆက် ထိန်းသိမ်းထားရှိသည့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းမှတ်ရာများ၊ အထောက်အထား အချက်အလက်များကို နည်းပညာအသုံးပြု၍ ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မှတ်တမ်းခန်းများအတွင်း မှတ်တမ်းများ ထိန်းသိမ်းထားရှိမှု၊ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ မှတ်တမ်းခန်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။
ယင်းနောက် ဝန်ကြီးဌာနပိုင် သာကေတဂိုဒေါင်ဝင်းအတွင်းရှိ ဂိုဒေါင်များအလိုက် မှတ်တမ်းများထိန်းသိမ်းထားရှိမှု၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအတွက် စိစစ်ရေးကတ်ပြားများနှင့် လုပ်ငန်းသုံးပုံစံများ ထိန်းသိမ်းထားရှိမှု၊ စာရင်းဇယားမှတ်တမ်းပုံစံဟောင်းများ၊ ရုံးအသုံးအဆောင်ပစ္စည်းအဟောင်းများ ထိန်းသိမ်းထားရှိမှုကိုလည်းကောင်း၊ ဗိုလ်တထောင်ခရိုင်ဦးစီးမှူးရုံး ရုံးအဆောက်အအုံနှင့် ရုံးခန်းများ၊ သာကေတမြို့နယ် ဦးစီးမှူးရုံး ရုံးခန်းများနှင့် မှတ်တမ်းခန်းအခြေအနေ၊ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူ၍ Unique ID နံပါတ် ထုတ်ပေးနိုင်ရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းတာဝန်ခံများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဓမ္မာရုံ၌ ရခိုင်ပြည်နယ်တောင်ပိုင်းမှ ယာယီရွှေ့ပြောင်းရောက်ရှိလာကြသည့် ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးအချို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ဓမ္မာရုံ၌ယာယီရုံးခွဲများဖွင့်လှစ်ထားရှိမှု၊ ဝန်ထမ်းများနေထိုင်သည့်အိပ်ဆောင်များနှင့် ရေ၊ မီးရရှိမှု၊ စားဖိုဆောင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်