Skip to main content

အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၅

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာ သင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများ၌လည်း စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ် (၄) မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဘန်းယဉ်မြို့နှင့် ကလောမြို့တို့၌လည်းကောင်း၊ ကယားပြည်နယ်လွိုင်ကော်မြို့ လွိုင်ကော်တက္ကသိုလ်၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အပါအဝင် မြို့နယ် ၁၆ မြို့နယ်တို့၌လည်း ကောင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေစည်ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေးဖျန်းပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။

အလားတူ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံ၊ ဆီဆိုင်မြို့ပြည်သူ့ဆေးရုံ၊ အေးသာယာမြို့ပြည်သူ့ဆေးရုံနှင့် အောင်ပန်းမြို့ပြည်သူ့ဆေးရုံတို့၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆေးရုံဝင်းအတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေစည်ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေးဖျန်းပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်