Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဒေါက်တာချာလီသန်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း ဓာတ်အားအမြန်ထုတ်လုပ်ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံနှင့်စက်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် စက်ရုံအဆောက်အအုံအတွင်း အထပ်အလိုက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဓာတ်အားပေးစက်ကြီးများနှင့် ဆက်စပ်ပစ္စည်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ဓာတ်အားပေးစက်များ ပြန်လည်လည်ပတ်နိုင်ရေး စက်မှုနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ စမ်းသပ်စစ်ဆေးတိုင်းတာနေမှု၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့်အပူပေးပြီး ရေငွေ့များ စုပ်ထုတ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းများရောက်ရှိပါက စတင်တပ်ဆင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရန်၊ ဆောင်ရွက်ပြီးနေရာများကို စနစ်တကျထိန်းသိမ်းထားရှိသွားရန် မှာကြားသည်။

ထို့နောက် ရေလှောင်တမံရှုရပ်သို့ရောက်ရှိပြီး တမံအတွင်းရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ တမံ၏ကြံ့ခိုင်မှုအခြေအနေတို့ကိုလည်းကောင်း၊ စက်ရုံအတွင်းသို့ ရေဝင်ရောက်ခဲ့သည့်အရှိန်ကြောင့် စက်ရုံရေထွက်မြောင်း (Tailrace Channel) နှင့် ခရုပတ်ခွေ (Spiral Casing) များအတွင်း ရွှံ့ညွန်သဲနုန်းနှင့် ကျောက်တုံးများဝင်ရောက်ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သဖြင့် ရေထွက်မြောင်းရှေ့တွင် ယာယီရေတားတမံတည်ဆောက်ခြင်း၊ ရေထွက်မြောင်းအတွင်းမှ ရေများကို အင်ဂျင်တပ်ရေစုပ်ပန့်များဖြင့်စုပ်ယူ၍ ရေစစ်ကန်သို့ပေးပို့ခြင်း၊ ရေစစ်ကန်မှ ယာယီရေတား တမံအပြင်သို့ စွန့်ထုတ်ခြင်းဆောင်ရွက်နေမှု၊ ရေထွက်ပေါက်အဝရှိ ရွှံ့ညွန်သဲနုန်းနှင့် ကျောက်တုံးများကို လူအင်အားဖြင့် ခက်ခက်ခဲခဲ ရှင်းလင်းတူးထုတ်နေရမှုအခြေအနေနှင့် Botton Outlet မှရေထုတ်ပြီး အောက်ပေါင်းလောင်းစက်ရုံသို့ ရေပေးပို့နေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ စက်ရုံချဉ်းကပ်လမ်း ပြန်လည်တည်ဆောက်ခြင်းနှင့် ကမ်းပါးများ မြစ်ရေတိုက်စား မှုမှကာကွယ်နိုင်ရန် ကျောက်ကြီးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ်နှစ်လုံးဖြင့် စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း - နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ တမံအတွင်း ရေဝင်ရောက်မှုများပြားပြီး ရေပိုလွှဲအထက်မှ ပေ ၂၀ ကျော် ရေလျှံကျ၍ စက်ရုံမြေအောက်ထပ်များအားလုံး ရေနစ်မြုပ်ခဲ့သည့်အတွက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများရပ်နားခဲ့ရပြီး ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယာယီရေတား တမံတည်ဆောက်ခြင်းနှင့် စက်ရုံရေထုတ်မြောင်းအတွင်းမှ ရေစုပ်ထုတ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီး ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လုပ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်