နေပြည်တော် အောက်တိုဘာ ၁
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -မဲဆန္ဒရှင်ပြည်သူများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အထွေထွေအတွင်းရေးမှူး မျိုးကျော်ဖြစ်ပါတယ်။ တစ်ချိန် တည်းမှာပဲ ရခိုင်ဒေသမှာဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခကြောင့် အပြစ်မဲ့တဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မိမိတို့၏ အိုးအိမ်တွေကို စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွေမှာနေရခြင်း စတဲ့ဒုက္ခမျိုးစုံကို တွေ့ကြုံခံစားနေရတဲ့ မိသားစုတွေနဲ့ထပ်တူ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း များစွာကြွေကွဲ ဝမ်းနည်းရကြောင်းကိုလည်း ပြောကြားလိုပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီရေး ပြည်သူ့အရေး တော်ပုံက ပေါ်ပေါက်လာခဲ့တဲ့ ပါတီဖြစ်ပြီး ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းနဲ့ ဒေါက်တာ ဦးစောမြအောင်တို့က ဦးစီး ဦးဆောင်ပြုကာ စတင်တည်ထောင်ခဲ့ကြပါတယ်။ စတင်တည်ထောင်စဉ် ကပင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီမိုကရေစီရေး၊ တိုင်းရင်းသားလူမျိုးများ အားလုံးတန်းတူရေး၊ အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ခွင့်ရရှိရေးတို့အပေါ်မှာ အခြေခံတဲ့ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ခြင်းဖြင့်သာ ထာဝရပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်ပြီး ရခိုင် ပြည်သူများ အပါအဝင် မြန်မာပြည်သူများအားလုံး ဖွံ့ဖြိုးတိုးတက်မည် ဆိုသည့် မူဝါဒကိုချမှတ်ခဲ့ကြပါတယ်။ အဲဒီ နောက် ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်ကိုယ်စား လှယ်(၁၁)နေရာမှာ အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှာ တတိယအများဆုံး အနိုင်ရ ပါတီအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မိမိတို့ပါတီရဲ့ မူဝါဒကို အကောင် အထည်ဖော်ရာမှာ တခြားသောဘဝတူ တိုင်းရင်းသား တွေနဲ့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်(UNLD)မှာ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)တို့ဟာ အနာဂတ်ပြည်ထောင်စုကို တိုင်းရင်းသားလူမျိုးများ အားလုံးတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများ အာမခံချက်ရှိတဲ့ ပြည်ထောင်စုတည်ဆောက်ရန် ဗိုလ်အောင်ကျော်လမ်း ကြေညာချက် ၂၉.၈.၁၉၉၀ ကို သဘောတူလက်မှတ် ရေးထိုးထုတ်ပြန်ခဲ့ကြတယ်။
၁၉၉၂ ခုနှစ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်ဖျက်သိမ်းခံခဲ့ ရပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာတဲ့နိုင်ငံရေးဖြစ်စဉ်တွေကြောင့် ၂၀၁၂ ခုနှစ်မှာ ပြန်လည်၍ မှတ်ပုံတင်ခဲ့ပြီး စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)တွင် ဦးဆောင်ပါဝင်ခဲ့ပါတယ်။
အဲဒီနောက် ရခိုင်ပြည်သူတွေကြားမှာ ဖြစ်ပေါ်လာနေတဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့သော်လည်းကောင်း၊ ရခိုင်လူမျိုးတွေရဲ့ အကျိုးစီးပွားကို ပိုမိုဆောင်ရွက်ပေးနိုင်မည်လို့ ယုံကြည်တဲ့အတွက်လည်းကောင်း၊ ရခိုင်တိုင်း ရင်းသားများတိုးတက်ရေး ပါတီ(RNDP)နဲ့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP)ကို တည်ထောင်ခဲ့ကြပါတယ်။
၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအပြီးနောက်ပိုင်းကာလတွေမှာ ရခိုင်အမျိုးသားပါတီ (ANP) အတွင်း မူဝါဒပိုင်းဆိုင်ရာ သဘောထား ကွဲပြားလာမှုကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မိမိပါတီရဲ့မူဝါဒ တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ၂၀၁၇ ခုနှစ်မှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထပ်မံ ဖွဲ့စည်းပြီး တတိယအကြိမ် မှတ်ပုံတင်ခဲ့ပါတယ်။ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့မှာလည်း မူလ အတိုင်းပဲ ပါဝင်လှုပ်ရှားနေပါတယ်။
ဒီကနေ့ တည်ရှိနေတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟာ ပင်လုံကတိ ကဝတ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံ သဘောတူစာချုပ်အရ ခွဲထွက်ခွင့်ပေးထားသော ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပေါင်းစည်း ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖြစ်တယ်။
တိုင်းရင်းသားပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအဆင့်အတန်း၊ တရားဥပဒေအခွင့်အလမ်းတို့ကို လျစ်လျူရှုမှုတို့ကြောင့် ပဋိပက္ခဆီသို့ ဦးတည်ကာ ပြည်တွင်းစစ်မီးကို တောက်လောင်စေခဲ့တယ်။ ဤ ပြည်တွင်းစစ်မီးကို ငြိမ်းအေးစေကာ တရားမျှတသည့် လူ့ဘောင်တစ်ရပ် ပေါ်ထွန်းလာစေပြီး အမျိုးသား သွေးစည်းညီညွတ်ရေးကို အခိုင်အမာထူထောင်နိုင်ရန်မှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တစ်မျိုး သားလုံးပါဝင်၍ မဖြစ်မနေ တည်ဆောက်ကြ ရန်မှတစ်ပါး အခြားမရှိပေ။
ထို့ကြောင့် မိမိတို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် အတွက် အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍနှင့် ဥပဒေပြုရေးကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် ပါတီ တွင်းချမှတ်ထားသော မူဝါဒများနှင့်အညီ လုပ်ငန်းစဉ်များကို ကြိုးပမ်းအကောင် အထည်ဖော်သွားမည်ဖြစ်တယ်။ ပြည်တွင်းရှိ ဘဏ္ဍာရေးရာကိစ္စရပ်များကိုလည်း မူဝါဒများချမှတ်၍ မူဝါဒနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်ပိုင်ခွင့်၊ သဘာဝသယံဇာတ၊ ပြည်တွင်းပြည်ပ စီးပွားရေးရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ် ရေးလုပ်ရာတွင် ပြည်နယ် အချင်းချင်းနှင့် နယ်စပ်ကုန်သွယ်ရေး၊ လယ်ယာ၊ သစ်တောနှင့် ရေလုပ်ငန်းများ အပါအဝင် အခြားသောစီးပွားရေးလုပ်ငန်းများအပြင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ မူဝါဒများချမှတ်၍ ပြည်နယ်ပညာရေးနှင့် စီမံကိန်းကဏ္ဍများတွင် ထည့်သွင်းရေးဆွဲထား ရမှာဖြစ် တယ်။
တရားစီရင်ရေးစနစ်ကိုလည်း ဖက်ဒရယ်ပြည်ထောင်စုတရားစီရင်ရေး စနစ်နှင့် ကိုက်ညီမှုရှိအောင် အဆင့်ဆင့်သော တရားရုံးများကို ဖွဲ့စည်းကာ တရားစီရင်ပိုင်ခွင့်များနှင့်အညီ စစ်ဆေးစီရင်ရမည်။
ဥပဒေပြုရေးကဏ္ဍတွင်လည်း ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေနှင့် အညီ ပြည်နယ်လွှတ်တော်ကို ပြည်နယ်တွင်းတွင် နေထိုင်ကြသော ပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းရ မည်ဖြစ်ပြီး လိုအပ်သည့်ဥပဒေများကို ပြဋ္ဌာန်းပေးနိုင်ရမည်ဖြစ်သည်။
မိမိတို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ဖော်ပြခဲ့သည့် နိုင်ငံရေးမူဝါဒများနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဟာမိတ်တိုင်း ရင်းသားပါတီများအပြင် တခြားသော ပြည်မမှ ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် လိုလားသည့် ပါတီများနှင့်လည်း ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည်။ လွတ်လပ်ရေးသက်တမ်း နှင့်အမျှ ကြာမြင့်လာပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် ယခု အခါ တိုင်းရင်းသား ဒေသများ အထူးသဖြင့် ရခိုင်ဒေသတွင် ပိုမိုပြင်းထန်လာနေပြီ ဖြစ်သည်။ အဆိုပါပဋိပက္ခငြိမ်းအေးစေရန်မှာ တရားမျှတခြင်း ယဉ်ကျေးမှုတစ်ရပ် ကို အခိုင်အမာ တည်ဆောက်နိုင်ရန် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရ မည်ဖြစ်သည်။
ဤပြည်တွင်းတိုက်ပွဲများက မိမိတို့နိုင်ငံ၏ ဓနဥစ္စာများကို ဝါးမျိုသုံးစွဲလိုက်ခြင်းကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ နောက်ကျခဲ့ရ ခြင်းက ပြည်သူများအား ဆင်းရဲတွင်းနက်စေသည်။ နိုင်ငံ ပြိုကွဲခြင်းကို ဦးတည် စေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ပြည်တွင်းစစ်က ရရှိလာသည့် သင်ခန်းစာမှာ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းသည် ပြည်ထောင်စုပြိုကွဲရေးကို ဖြစ်စေနိုင်ပြီး ပင်လုံသဘောတူစာချုပ်၊ ပင်လုံကတိ ကဝတ်၊ ပင်လုံစိတ်ဓာတ်ဖြစ်သော တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းကသာ ပြည်ထောင်စု စိတ်ဓာတ်ဖြစ်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ယုံကြည်သည်။
ထို့ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးမူဝါဒနှင့် လုပ်ငန်းစဉ်များကို အနှစ်ချုပ်ရပါက ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟု ပေါ်ထွန်းလာခြင်းမှာ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် မြန်မာများနှင့်တိုင်းရင်းသားလူမျိုးများ ချုပ်ဆိုခဲ့ကြသည့် ပင်လုံစာချုပ်ကို အခြေပြု၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပင်လုံစာချုပ်သာမရှိခဲ့လျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုသည်မှာ လည်းတည်ရှိလာလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သော ဗမာ အပါအဝင် တိုင်းရင်း သားလူမျိုးတို့အကြားလူမျိုးများ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခွင့် အရေးများကို ဖော်ဆောင် နိုင်မည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းက သာ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေးရရှိနိုင်မည်ကို နိုင်ငံတွင် ယနေ့တိုင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများက သက်သေခံလျက် ရှိပေသည်။ ထို့ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ထာဝရပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်နှင့် ရခိုင်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုး တက်လာ စေရန်အတွက် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို အကောင် အထည်ဖော်ဆောင်ရွက်ရန် မမှိတ်မသုန် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း ဖက်ဒရယ်ပြည်ထောင်စု ကို အမှန်တကယ်ဖော်ဆောင် ကြမည့်ပါတီများကိုသာ မဲပေးရန်နှင့် ရခိုင်ဒေသရှိ မဲဆန္ဒရှင်ပြည်သူများကလည်း ပါတီများမှ ကိုယ်စားလှယ်လောင်းများအနက် မည်သည့်ကိုယ်စားလှယ်လောင်းက မိမိဒေသနှင့် လူမျိုးအတွက် လက်တွေ့ လုပ်ဆောင်နိုင်မည့် ပုဂ္ဂိုလ်ဖြစ်သည်ကို သေချာရွေးချယ်ပြီးမှ မဲပေးကြပါရန် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ တိုက်တွန်းလိုက်ရပါတယ်။
မိမိတို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်မူ မိမိတို့ ရခိုင်ဒေသနှင့် ရခိုင်လူမျိုးအပြင် ပြည်ထောင်စု အတွက်ကိုပါ အမှန်တကယ်လုပ်နိုင်မည့် ကိုယ်စားလှယ်လောင်း(၂၆)ဦးကိုသာ ရွေးချယ်ထား ရှိပါကြောင်းလည်း ပြောကြားလိုပါတယ်။
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်းကို အကောင် အထည်ဖော်ခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေး ကို တည်ဆောက်ကြပါစို့။
လမ်းပြ ALD
တေးရွီး - လူငြိမ်းခိုင်
တေးဆို - လူငြိမ်းခိုင်နှင့်အဖွဲ့
ALD....ALD....ALD...ALD
[ဒီမိုကရေစီရေးနန့် ငြိမ်းချမ်းရေးအတွက်လေ ကိုယ့်ကြမ္မာကိုယ် ဖန်တီး ဖို့အတွက် လမ်းပြခေါ်ဆောင်ရေ တိုင်းရင်းသားအားလုံးတန်းတူ အကျိုးစီးပွား အတွက်လေ ဖက်ဒရယ်မူ အောင်လံထူ ရခိုင်ပြည်သူ အပေါင်းအတွက် လင်းရောင်ခြည်ကို ယူလာဗျာယ်လေ ရည်ရွယ်ကြံဆထားရေ ယဉ်ကျေးမှုအဖ အမွီ နိုင်ငံတကာအဆင့်မှီတိုးတက်အောင်ကြံရွယ် မျိုးဆက်သစ်အတွက်... ဖက်ဒရယ်မူ အောင်လံထူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က သမိုင်းတာဝန်ကို ကျီစီမေ...]
ရခိုင်တစ်မျိုးသားလုံး ညီညီညွတ်ညွတ် လုပ်ဆောင်ကတ်ပါမှ ရခိုင် သားတိ လိုလားနီရေ အောင်ပွဲမျိုးကို ဆင်နိုင်ပါဖို့ အဆွေရို့
[ဒီမိုကရေစီရေးနန့် ငြိမ်းချမ်းရေးအတွက်လေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးဖို့ အတွက် လမ်းပြခေါ်ဆောင်ရေ တိုင်းရင်းသား အားလုံးတန်းတူ အကျိုးစီးပွား အတွက်လေ ဖက်ဒရယ်မူ အောင်လံထူ ရခိုင်ပြည်သူအပေါင်းအတွက် လင်းရောင်ခြည်ကို ယူလာဗျာယ်လေ ရည်ရွယ်ကြံဆထားရေ ယဉ်ကျေးမှုအဖ အမွီ နိုင်ငံတကာအဆင့်မှီတိုးတက်အောင် ကြံရွယ် မျိုးဆက်သစ် အတွက်... ဖက်ဒရယ်မူ အောင်လံထူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က သမိုင်းတာဝန်ကို ကျီစီမေ...]
ALD. . . ALD. . . ရခိုင်ပြည်သူအပေါင်းအတွက် လင်းရောင်ခြည်ကို ယူလာ ဗျာယ်လေ
ALD. . . ALD. . . ရခိုင်ပြည်အတွက် သမိုင်းတာဝန်ကို ကျီစီမေ.....
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က လင်းရောင်ခြည်ကိုယူလာဗျာယ်လေ...