နေပြည်တော် ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးဝင်းလှိုင်ဦးနှင့် ဦးသန်းဝင်းတို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ကက်သလစ်သီလရှင်လေးများ ဘိုးဘွားရိပ်သာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါအဖွဲ့သည် ကက်သလစ်သီလရှင်လေးများ ဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်း ကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန်ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုနှင့် အသက် ၈၅ နှစ် ပြည့်ပြီးသော သက်ကြီးအဘိုး/အဘွားများအား လူမှုရေးပင်စင်ပေးအပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်