Skip to main content

လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄)သင်တန်းဆင်း

နေပြည်တော် ဇန်နဝါရီ ၂၄

လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။

အခမ်းအနားသို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အင်ဂျင်နီယာချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ စက်ရုံမှူးများ၊ နည်းပြဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတအရင်းအမြစ်များ အရေးပါသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အလွန်အရေးကြီးကြောင်း၊ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများအနေဖြင့် နိုင်ငံတော်အတွက် အထောက်အကူဖြစ်ရုံသာမက နိုင်ငံတကာတွင် ရင်ပေါင်တန်းပြီး လုပ်ငန်းဆောင်ရွက်နိုင်သည့် နိုင်ငံ့ဂုဏ်ဆောင်ဝန်ထမ်းကောင်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်ပြင်ဆင်ခြင်းနှင့် တပ်ဆင်ခြင်းများ ဆောင်ရွက်ကြသည့် လျှပ်စစ်ကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားလုပ်ကိုင်ကြရန် ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုများ ချီးမြှင့်ပေးအပ်ကြသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းများကို ၁၉၉၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ သင်တန်း ၄၉ ကြိမ် ဖွင့်လှစ်၍ လျှပ်စစ်ကျွမ်းကျင်သူ ၃၈၉၉ ဦး လေ့ကျင့်သင်ကြားမွေးထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၂၄)သို့ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၀ တက်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ ရက်သတ္တပတ်ရှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပမည့် တပေါင်းကွင်း၌ ဖွဲ့စည်းထားရှိသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုအဆင့် ကျင်းပမည့် အခမ်းအနားဖြစ်၍ ပြည်ထောင်စုအဆင့်နှင့် လျော်ညီသည့် အခမ်းအနားဖြစ်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန် မှာကြားပြီး ဝန်ကြီးဌာနပြခန်းများ၊ ရိုးရာအစားအစာဆိုင်ခန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ တည်ဆောက်ပြီးစီးမှု၊ MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရန် စီမံဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်