Skip to main content

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အကြိမ်(၂၀)မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၄

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဇန်နဝါရီ ၂၁ ရက်မှ ဇန်နဝါရီ ၂၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အကြိမ်(၂၀) မြောက်အစည်းအဝေးသို့ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အကြိမ် (၂၀) မြောက် အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံနှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်တို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ တီမောလက်စ်တေနိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထို့နောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်ရေးဆွဲရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများနှင့် အာဆီယံပေါင်းစည်းဆက်သွယ်ညှိနှိုင်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ၏ မျက်နှာစုံညီအစည်းအဝေးပြုလုပ်ခဲ့ရာ သက်ဆိုင်ရာမဏ္ဍိုင်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာစီမံကိန်းများ ရေးဆွဲမှု၏တိုးတက်မှုများကို ရှင်းလင်းဆွေးနွေးကြပြီး မဟာဗျူဟာစီမံချက်များရေးဆွဲမှုအပေါ် အမြင်ချင်းဖလှယ်ကြသည်။

ထို့ပြင် အာဆီယံစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် မဏ္ဍိုင်(၃)ရပ်လုံးနှင့် သက်ဆိုင်ရာလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ရေးနည်းလမ်းများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၄၅ ကွာလာလမ်ပူကြေညာချက်၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ၏ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာစီမံချက်မူကြမ်း၊ အာဆီယံအတွင်း​ရေးမှူးချုပ်ရုံး၏ Institutional Strengthening Strategic Measures ဆိုင်ရာစာရွက်စာတမ်း၊ အာဆီယံအတွင်း​ရေးမှူးချုပ်ရုံး၏ cross-pillar strategic measures ဆိုင်ရာစာရွက်စာတမ်း၊ အာဆီယံအသိုက်အဝန်း ၂၀၄၅ အတွက် Communication Plan နှင့် စောင့်ကြည့်လေ့လာရေးယန္တရားများကို ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ ၂၀၄၅ အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မဏ္ဍိုင် (၃) ရပ်ရှိ သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာစီမံကိန်းများရေးဆွဲမှုဆိုင်ရာ ဆွေးနွေးချက်များသည် မိမိတို့အတွက်လည်း ပိုမိုရှင်းလင်းလွယ်ကူစေကြောင်း၊ အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ ၂၀၄၅ နှင့် ဆက်စပ်စာရွက်စာတမ်းများအား အတည်ပြုရေးအတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်နိုင်ရန် အချိန်လိုအပ်ကြောင်း၊ Cross-sectoral Strategic Measures များ အကောင်အထည်ဖော်မှုစောင့်ကြည့်ရေးအတွက် မိမိတို့အနေဖြင့် အချက်အလက်များ (data) နှင့် ညွှန်ကိန်းများ (Indicator) တို့ကို မူတည်၍ မူဝါဒများချမှတ်ရမည်ဖြစ်ကြောင်း၊ ASEAN Community Statistical System (ACSS) သည် indicator များနှင့် အချက်အလက်များအတွက် သီးသန့် sectoral body ဖြစ်သည့်အတွက် စောင့်ကြည့်လေ့လာရေးအတွက် စဉ်းစားသင့်ကြောင်း၊ ၎င်းတို့သည် ပိုမိုခက်ခဲသည့် SDGs indicator များကို ဆောင်ရွက်နေသည့်အတွက် သင့်လျော်ကြောင်း တိုက်တွန်းဆွေးနွေးပြောကြားသည်။

လာမည့် ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် (၂၁) ကြိမ်မြောက်အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ဆိုင်ရာ အာဆီယံမဟာဗျူဟာမြောက်လုပ်ငန်းစဉ်များ အပြီးသတ်နိုင်ရေးဆက်လက်ဆွေးနွေးကြမည်ဖြစ်ပြီး သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာစီမံကိန်းများ ရေးဆွဲမှုများအတွက် မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် သက်ဆိုင်ရာမဏ္ဍိုင်များအကြား ကိုက်ညီမှုရှိစေရေး၊ မဟာဗျူဟာစီမံချက်များ ထပ်မနေစေရေး၊ ကဏ္ဍများအကြား အချိတ်အဆက်မိရေးကိစ္စများကို ဆက်လက်ဆွေးနွေးဆောင်ရွက်ကြမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အချိန်မီအတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်