ရန်ကုန် ဇန်နဝါရီ ၂၄
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏စီစဉ်မှုဖြင့် ဆေးပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များတွင် ပြောင်းလဲတိုးတက်လာသည့် ဉာဏ်ရည်တုနည်းပညာအသုံးပြုခြင်းဆိုင်ရာ အကြောင်းအရာများကို ကျန်းမာရေးပညာရှင်များ သိရှိနားလည်စေရန် ရည်ရွယ်လျက် “အနာဂတ်၏ ကျန်းမာရေးပညာရှင်များကို ပုံဖော်ရာတွင် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုခြင်း” “Artificial Intelligence: Shaping the Next Generation of Health Professionals” ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲကို ကျင်းပသည်။
နှီးနှောဖလှယ်ပွဲတွင် သဘာပတိများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ပါမောက္ခဒေါက်တာ ဖေသက်ခင်နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ တင်ထွန်းတို့က ဆောင်ရွက်ကြပြီး အဖွင့်အမှာစကားပြောကြားကြသည်။
ဆက်လက်၍ ဆေး တက္ကသိုလ်- မန္တလေး ဆေးပညာဌာနမှ ပါမောက္ခဒေါက်တာ မောင်မောင်ဦးက ဆေးပညာသင်ကြားရေးတွင် ဉာဏ်ရည်တုနည်းပညာ၏ အရေးပါမှုနှင့် သင်ယူမှုပတ်ဝန်းကျင်တွင် ပြောင်းလဲအသုံးဝင်မှုများကို “AI in Medical Education: Transforming Learning Environments” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်-တောင်ကြီး ဆေးပညာဌာန ပါမောက္ခ ဌာနမှူး၊ ပါမောက္ခ ဒေါက်တာ အောင်ကျော်သူက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာ အသုံးပြုခြင်းဆိုင်ရာ ကျင့်ဝတ်နှင့် စိန်ခေါ်မှုများ အကြောင်းကို “Ethics and Challenges in AI-Integrated Healthcare” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှ ပါမောက္ခ ဌာနမှူး၊ ပါမောက္ခ ဒေါက်တာ ပပစိုးက ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်းပညာ၏ အခန်းကဏ္ဍကို “Roles of AI in Medical Research” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ် (၁)ရန်ကုန်ရောဂါဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာဇင်မျိုးထွန်းက ရောဂါရှာဖွေရေးနှင့် ကုသရေးလုပ်ငန်းစဉ်များတွင် ဉာဏ်ရည်တုနည်းပညာ၏ အသုံးဝင်မှုများအကြောင်းကို “AI Applications in Clinical Diagnosis and Treatment” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများနှင့် ပညာရှင်များက မေးခွန်းများမေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုတင်ပြခြင်းများကို ဆောင်ရွက်ကြရာ သဘာပတိကြီးများနှင့် ဟောပြောသူများက ပြန်လည်ဆွေးနွေးဖြေကြားကြသည်။
မွန်းလွဲပိုင်းတွင် ပညာရပ်ဆိုင်ရာဟောပြောပွဲကို ဆက်လက်ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Peking University မှ Professor Yinzi Jin က မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိစေရန် လူထုအခြေပြုကျန်းမာရေးလုပ်သားများ၏ အလုပ်တာဝန်ခွဲဝေရွှေ့ပြောင်းခြင်းဆိုင်ရာ အကောင်အထည်ဖော်မှုနည်းဗျုဟာခေါင်းစဉ်ဖြင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Peking University မှ Dr Yikai Feng က ဝင်ငွေနည်းပါးခြင်းနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများတွင် လူထုအခြေပြု ကျန်းမာရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန် အကောင်အထည်ဖော်မှု နည်းဗျူဟာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ Bangabandhu Sheikh Mujib Medical University မှ Dr Fatema Shabnam က မိခင်ကျန်းမာရေးစောင့်ရှောက်ပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတ်ရောင်ခြည်ဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသားကင်ဆာကုသရေးဌာနမှ အထူးကုဆရာဝန်ကြီး ဒေါက်တာ ကောင်းမြတ်ရွှေက လက်ရှိကာလမြန်မာနိုင်ငံတွင် ကင်ဆာဓာတ်ရောင်ခြည်ကုသပေးနေမှု အခြေအနေများခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြ ပြီး ပညာရပ်ဆိုင်ရာဟောပြောပွဲသို့ တက်ရောက်သော ဆရာကြီး၊ ဆရာမကြီးများက မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ကြသည်။
ယင်းနောက် သုတေသနညီလာခံပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားများကို ဆက်လက်ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်က အမှာစကားပြောကြားပြီး ဆုရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလှလှဝင်းက ဆုရွေးချယ်ရေးဆိုင်ရာ သုံးသပ်ချက်များ၊ ဆုရရှိသည့်စာတမ်းများနှင့် ဆုရရှိသည့် ပိုစတာများကို ကြေညာသည်။
အကောင်းဆုံး အခြေခံသုတေသနစာတမ်းပထမဆုကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ မြတ်မြတ်မိုးနှင့်အဖွဲ့၏ “အိပ်ချ်အိုင်ဗွီဗိုင်းရပ်စ် အမျိုးအစား (၁) မျိုးရိုးဗီဇနှင့် ပထမအဆင့် အိပ်ချ်အိုင်ဗွီကုသဆေးဆေးမတိုးသော အိပ်ချ်အိုင်ဗွီဗိုင်းရပ်စ်အမျိုးအစား(၁)ရှိသော ရောဂါသည်များရှိ ဆေးယဉ်ပါးမှုအား လေ့လာခြင်း” သုတေသနစာတမ်းကလည်းကောင်း၊ အကောင်းဆုံး အသုံးချသုတေသနစာတမ်းပထမဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ ဖြူဝင်းအိနှင့် အဖွဲ့၏ “ရန်ကုန်တိုင်းအတွင်းရှိ အိုက်ဆိုနိုက်ယာဇစ်ဆေးယဉ်ပါးတီဘီလူနာများတွင် ပုံမှန်နည်းများဖြင့် ရောဂါရှာဖွေမရနိုင်သော အိုက်ဆိုနိုက်ယာဇစ်နှင့် ရိုင်ဖန်ပီစင်ဆေးနှစ်မျိုး ယဉ်ပါးတီဘီများ တွေ့ရှိခြင်း (၂၀၂၃-၂၀၂၄)” သုတေသနစာတမ်းကလည်းကောင်း၊ အကောင်းဆုံး ကျန်းမာရေးစနစ်သုတေသနစာတမ်းပထမဆုကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါက်တာ စိုးမင်းဦးနှင့်အဖွဲ့၏ “မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူများတွင် ကိုယ်လက်ကြံ့ခိုင်မှုအား လေ့လာခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့သောတစ်ကြိမ် လေ့လာမှုသုတေသနတွင်တွေ့ရှိခဲ့သော ကာယကြံ့ခိုင်မှုပျံ့နှံ့မှု” သုတေသနစာတမ်းကလည်းကောင်း၊ အကောင်းဆုံးပိုစတာ ပထမဆုကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါက်တာ စိုးမင်းဦးနှင့်အဖွဲ့၏ “ဆီးချိုရောဂါအကြိုရှိသူများတွင် ပြင်းထန်သော အေရိုးဗစ်လေ့ကျင့်ခန်း သို့မဟုတ် ခွန်အားလေ့ကျင့်ခန်းတို့အနက် နှလုံးနှင့်ဇီဝဖြစ်စဉ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန်အတွက် မည်သည့်လေ့ကျင့်ခန်းက ပိုကောင်းသနည်း” သုတေသနပိုစတာကလည်းကောင်း၊ လူငယ်သုတေသီဆု (အသုံးချသုတေသန)ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ထက်စုလှိုင်နှင့်အဖွဲ့၏ “ကိုယ်ဝန်ဆောင် ဆီးချိုလူနာများတွင် ပရိုဘိုင်အိုတစ်ဖြည့်စွက်စာတိုက်ကျွေးခြင်းဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုလူနာများ၏ အင်ဆူလင်ခုခံအား မြင့်မားမှုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုကို လေ့လာခြင်း” သုတေသနစာတမ်းကလည်းကောင်း ရရှိခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့ဝင်များက ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်