Skip to main content

မြန်မာနိုင်ငံ သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုစီမံချက်အား အသိပေးခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု စီမံချက်အသိပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဌာနအကြီးအမှူးများ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆရာဝန်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားမှုဦးစီးဌာနမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများ၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများနှင့် အထူးဖိတ်ကြားထားသော ပညာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ခံတွင်းကျန်းမာနေစေရန် ဆောင်ရွက်ရမည့် အချက်အလက်များကို သတိထားပြီး ကျန်းမာစွာနေထိုင်မှုဘဝပုံစံဖြင့် နေထိုင်နိုင်ရန်၊ ပြည်သူများသက်တမ်းစေ့နေနိုင်ရေးအတွက် သက်ကြီးရွယ်အိုများအား သွားတု(အံကပ်)များ တပ်ဆင်ပေးခြင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ခေတ်မီနည်းပညာစနစ်သုံး သွားဘက်ဆိုင်ရာဆေးပညာ (Digital Dentistry) ဖြင့် ကုသမှုများကို ပြည်သူများ လက်လှမ်းမီစေရန် ဘွဲ့လွန်သင်တန်းသားများ၊ သွားနှင့်ခံတွင်း ဆရာဝန်များ၊ သွားဘက်ဆိုင်ရာသူနာပြု၊ သွားဘက်ဆိုင်ရာအကူသူနာပြု၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်(သွားတု)တို့ တိုးချဲ့မွေးထုတ်ပြီး ပြည်သူများအား သွားနှင့် ခံတွင်းရောဂါကုသပေးခြင်း ဝန်ဆောင်မှုတို့ကို သင်ကြားရေးဆေးရုံများနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ပိုမိုဆောင်ရွက်ကြရန်လိုကြောင်း။

ကျေးလက်ဒေသများအထိ ပဏာမသွားနှင့် ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ကြရန်၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်များ ပြည့်မီအောင် စနစ်တကျ စီမံဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်မီသွားဘက်ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ခံတွင်းကင်ဆာရောဂါဖြစ်ပွားမှုများ လျော့နည်းသွားစေရန် ကြိုတင်စစ်ဆေးခြင်းနှင့် ရောဂါကိုစောစီးစွာ စစ်ဆေးတွေ့ရှိနိုင်ရေးသည် အလွန်ပင်အရေးပါကြောင်း၊ လူတိုင်းလက်လှမ်းမီသော သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို (၂၀၃၀) တွင် အပြီးသတ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ကုသရေးဦးစီးဌာန ပါမောက္ခ ဒေါက်တာ မိုးသီတာထွေးက မြန်မာနိုင်ငံ သွားနှင့် ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုစီမံချက် (၂၀၂၄-၂၀၃၀)ပါ အချက်အလက်များကို ရှင်းလင်းပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်