Skip to main content

ပြည်ထောင်စုကိုကာကွယ်စောင့်ရှောက် နိုင်ငံချစ်သည့်နိုင်ငံသားအားလုံးပါဝင်

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီ သမိုင်းစဉ်တစ်လျှောက်၌ အမြော်အမြင်ကြီးမားသည့် တိုင်းပြည်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားပြည်သူများ အတူပူးပေါင်းလက်တွဲပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်လာခဲ့ရာ ယနေ့ထက်တိုင် နိုင်ငံတော်ကြီးတည်တံ့ဖြစ်ထွန်းလျက်ရှိသည်။ နယ်ချဲ့လက်အောက်ကျရောက်ခဲ့စဉ်ကလည်း တိုင်းရင်းသားပြည်သူအားလုံး တစ်စိတ်တစ်ဝမ်းတည်း နယ်ချဲ့ကိုတွန်းလှန်နိုင်ခဲ့သည်။

မျက်မှောက်ကာလသည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကာကွယ်ကြရမည့် အချိန်ကာလဖြစ်သည်။ တိုင်းပြည်တစ်ပြည်ကို နယ်ချဲ့တို့က ဝင်ရောက်ကျူးကျော် သည့်ကာလမဟုတ်တော့ဘဲ ကိုလိုနီနယ်ချဲ့လက်သစ်တို့က တိုင်းပြည်တစ်ပြည်၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေသော ကာလဖြစ်သည်။ တိုင်းပြည်တစ်ပြည်အတွင်းရှိ ပြည်သူများအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေး စသည်တို့ကို သွေးခွဲလှုံ့ဆော်ပေးပြီး အချင်းချင်းမညီညွတ်ကြဘဲ တိုင်းပြည်ပြိုကွဲအောင် ဖန်တီးနေသည့်ကာလဖြစ်သည်။

နှစ်ပေါင်းရှည်ကြာဖန်တီးခဲ့သည့် ပြည်တွင်းသွေးထိုးလှုံ့ဆော်မှုအမျိုးမျိုးတို့ကို အကြောင်းခံသည့် မညီညွတ်မှုများကြောင့် ယနေ့ကာလတွင် တိုင်းရင်းသားပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားပြီး ပဋိပက္ခများ၊ လက်နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ အချင်းချင်းမညီညွတ်မှုကြောင့် တိုင်းပြည်မတည်ငြိမ်မှု၊ အုပ်ချုပ်ရေးယန္တရားမခိုင်မာမှု၊ ပြိုကွဲပျက်စီးမှုများဖြစ်သည့်အခါ ဘေးမှထိုင်ကြည့်ပြီး ဝမ်းမြောက်နေကြမည်မှာ ကိုလိုနီနယ်ချဲ့လက်သစ်များနှင့် လက်ဝေခံများသာဖြစ်ကြပြီး ကြေကွဲပျက်စီးဆုံးရှုံးနစ်နာကြရမည်မှာ မိမိတို့၏ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းဖြစ်ကြသည်ကို သတိပြုရမည်ဖြစ်သည်။

မိမိတို့မိသားစုအသိုက်အမြုံကြီးဖြစ်စေ၊ မိမိတို့မိသားစု ပြည်သူအချင်းချင်းဖြစ်စေ ထိခိုက်ပျက်စီးကြရသည်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ ရှောင်ဖယ်နေခြင်းနှင့် မကာကွယ်လိုခြင်းတို့သည် မိမိတိုင်းပြည်အပေါ် သစ္စာမဲ့ရာရောက်သလို ဤမြေတွင်နေသည့် နိုင်ငံသားတစ်ယောက်အနေဖြင့် တာဝန်ပျက်ကွက်ခြင်းပင်ဖြစ်သည်။ မိမိတို့ဘိုးဘွားဘီဘင်များ အသက်သွေးချွေးတို့ဖြင့် အရယူပေးခဲ့သော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်မှာ နိုင်ငံသူနိုင်ငံသားများအားလုံး၏ မွေးရာပါတာဝန်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ ယနေ့အချိန်ကာလအထိ နိုင်ငံတော်ကို အသက်သွေးချွေးပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်ပေးနေသည်မှာ တပ်မတော်ဖြစ်သည်။ ယနေ့ကာလတွင် ဖြစ်ပေါ်လာသောအခြေအနေများအရ တပ်မတော်ကိုကူညီအားဖြည့်ပေးပြီး ကာကွယ်စောင့်ရှောက်ပေးနေသူများမှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ ပြည်သူ့စစ်မှုထမ်းများဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့သည် တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးကြသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်သည်။ မိမိတို့ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်နေကြသူများဖြစ်သည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ သင်တန်းအမှတ်စဉ်(၉)ပင် ဖွင့်လှစ်နိုင်ပြီဖြစ်သည်။ စစ်ပညာများကို သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော၊ နိုင်ငံတော်နှင့် ပြည်သူအတွက် နိုင်ငံချစ်စိတ်ဖြင့် စွန့်လွှတ်စွန့်စား အသက်ပေးထမ်းဆောင်ခဲ့ကြသော နိုင်ငံ့သားကောင်းရတနာများကို အစဉ်အမြဲဦးညွှတ်လေးစားဂုဏ်ပြုနေမည်ဖြစ်သည်။ မိမိတို့၏ ဘိုးဘွားဘီဘင်များ အသက်ပေး၍ ရယူပေးခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်မှာ ယနေ့နိုင်ငံသူ နိုင်ငံသားများ၏ တာဝန်ဖြစ်၍ ရှေ့တွင်တိုင်းပြည်တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် သားကောင်းရတနာများကို အသိအမှတ်ပြုဂုဏ်ပြုပြီး မိမိတို့လည်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးအတွက် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့အချိန်အခါတွင် ပြည်ထောင်စုကြီးပြိုကွဲပျက်စီးအောင်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ပြည်ပမှသွေးထိုးလှုံ့ဆော်မှုများနှင့် ပြည်တွင်းမှ အမျိုးသားသစ္စာဖောက်များ၏ ဖျက်ဆီးနှောင့်ယှက်မှုများ ပြုလုပ်နေကြသည်ကို မြင်တွေ့ကြရမည်ဖြစ်ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာဝပြောပြီး ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အရွယ်ရောက်သူ နိုင်ငံသူ နိုင်ငံသားတိုင်း နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း။         ။