Skip to main content

အကောင်းဆုံးကာကွယ်ထိန်းချုပ်ကြပါစို့

ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေသောကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်စေသည့် ပိုးရှိလူနာများနှင့် ထိတွေ့ထားသောသူများအား ရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းစဉ်များကို ထိန်းချုပ်ရေးလုပ်ငန်းစဉ် နည်းဗျူဟာအဖြစ် တင်းတင်းကျပ်ကျပ် ထိထိရောက်ရောက် ဆောင်ရွက်နေသည်။ ပိုးတွေ့လူနာများကိုလည်း ဆေးရုံများတွင်ထားရှိပြီး ရောဂါပျောက်ကင်း သက်သာအောင် အလေးထား ဆောင်ရွက်ပေးနေသည်။
ဤသို့ အလေးထား ဆောင်ရွက်ပေးနေချိန်တွင် ပြည်သူလူထုအနေဖြင့်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လက်ရှိအခြေအနေအပေါ် ပြည်သူသို့ တင်ပြအစီရင်ခံ နေမှုများ၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ ကျွမ်းကျင်သူများ၏ ကိုဗစ်ဆိုင်ရာ ကျန်းမာရေး အသိပညာ ပေးမှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို တိတိကျကျ မှန်မှန်ကန်ကန် လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် သင့်ပါ သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မခံရစေရေး အကောင်းဆုံးသောနည်းလမ်းများကို ပြည်သူများအား မကြာခဏ အသိပေးပြောကြားခဲ့ပြီးဖြစ်သည်။ ပြည်သူများအနေဖြင့် တိတိကျကျ မှန်မှန်ကန်ကန် လိုက်နာကြရန်သာ ဖြစ်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားနေသော အချိန်အခါတွင် အထူးသတိပြု လိုက်နာနေထိုင် ကျင့်ကြံသွားရန် အထူးလိုအပ်သည်။ ယခင်နှင့်မတူ ပိုမိုပြုမူ လိုက်နာနေထိုင်သင့်ပေသည်။ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာတွင် နေထိုင်ရန်၊ မကြာခဏ လက်ကိုဆေးကြောရန်၊ လက်ဆေးလျှင်လည်း ဆပ်ပြာဖြင့် စက္ကန့် ၂၀ ခန့် ဆေးကြောပေးရန်၊ သန့်သန့်ရှင်းရှင်း နေထိုင်ရန်၊ အရေးကြီးဆုံးအချက်မှာ ပါးစပ်နှာခေါင်းစည်း တပ်ဆင် ထားရန် ဖြစ်ပါသည်။ ။
ပြင်ပတွင် သွားလာနေသော ပြည်သူများအနေဖြင့် ယခုအခါ နှာခေါင်းစည်းတပ်ကြသည်ကို တွေ့ရပါသည်။ သို့သော် ပြည်သူအားလုံး စနစ်တကျ နှာခေါင်းစည်း တပ်ဆင်ကြခြင်းတော့ မဟုတ်သေးပါ။ အချို့လူများသည် နှာခေါင်းစည်းများကို မေးတွင်တပ်ဆင်ကြပြီး လိုအပ်မှသာနှာခေါင်းတွင်  ပြန်လည်တပ်ဆင်ကြသည့် စည်းကမ်းနှင့် မညီညွတ်သော၊ ရောဂါကူးစက်ရန် အလားအလာရှိသော အပြုအမူများ လုပ်ကိုင်နေကြ ဆဲဖြစ်သည်ကို အချို့နေရာများ၌ မြင်တွေ့နေရသည်။ အချို့ရပ်ကွက်များ၊ လမ်းများပေါ်တွင် အကြောင်း အထွေအထူးမရှိဘဲ အပြင်ထွက်နေကြသည်ကိုလည်း တွေ့ရသည်။ ယင်းတို့သည် စည်းကမ်းလိုက်နာမှု အားနည်းသော ပြည်သူအချို့၏ အပြုအမူအချို့ကို ဖော်ညွှန်းပြသနေသည်။
အဓိကမှာ ရပ်ကွက်တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်အတွင်း အမြဲကွင်းဆင်း စစ်ဆေး၍ ပြည်သူများအား အသိပညာပေးကြရမည် ဖြစ်သည်။ အသိပညာပေးမှုကို လိုက်နာခြင်းမရှိပါက ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အသွားအလာ ကန့်သတ်မှုများ၊ တစ်မြို့နယ်နှင့်တစ်မြို့နယ်၊ ဒေသတစ်ခုနှင့်တစ်ခု ကူးစက်ပျံ့နှံ့မှုမရှိအောင် အလေးထားဆောင်ရွက်နေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးသာမက အခြားနယ်မြို့များတွင်လည်း နေအိမ်တွင် သာနေထိုင်ကြရန် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။ ။
မိမိနေအိမ်တွင် ဧည့်သည်များအား လက်မခံဘဲ အကြောင်းရှိ၍ လာရောက်လျှင် မျက်နှာ၊ ပါးစပ်၊ နှာခေါင်း စည်းများ တပ်ဆင်ထားရန် လိုအပ်ပေသည်။ နှာခေါင်းစည်း မတပ်ထားလျှင် ကူးစက်ခံရနိုင်ခြေ အလွန်များပြီး အန္တရာယ်ရှိသည်ကို သတိပြုရမည် ဖြစ်သည်။ အခြားအရေးကြီးသော အချက်များမှာ မိမိကိုယ်မိမိ ကျန်းမာ အောင် ပြုမူနေထိုင်ရမည်ဖြစ်သည်။ အစာအာဟာရကို အချိန်မှန်စားရန်၊ ကောင်းမွန်စွာ အချိန်မှန်အိပ်စက်ရန်၊ အကယ်၍ လိုအပ်၍ အိမ်ပြင်ထွက်လျှင်လည်း နှာခေါင်းစည်းတပ်ကာ တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာအောင် နေထိုင်ရန်၊ ပြီးလျှင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရန်တို့သည် ကိုဗစ်-၁၉ ရောဂါကို အကောင်း ဆုံး ကာကွယ်နည်းများပင် ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် အရေးကြီးဆုံး အခြေအနေအဖြစ်သို့ ရောက်ရှိနေသည်ကို ပြည်သူအများစု နားလည်သဘောပေါက်ကြပြီး သတိမမူ၊ ပေါ့ပေါ့ဆဆ နေထိုင်ကြသူများကိုလည်း ပြည်သူများက ဝိုင်းဝန်း အသိပညာပေးကြရမည်ဖြစ်သည်။ ဤသို့ ညီညီညွတ်ညွတ် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဖြင့် ရင်ဆိုင် ကြုံ တွေ့နေရသော ကိုဗစ်-၁၉ အန္တရာယ်ကို အကောင်းဆုံး ကာကွယ်၊ ထိန်းချုပ်ကြပါစို့၊ အကောင်းဆုံး ကျော်လွှားကြပါစို့ဟု တိုက်တွန်းနှိုးဆော် အသိပေးလိုက်ရပါကြောင်း။ ။