Skip to main content

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနား Video Conferencing စနစ်ဖြင့် ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို  ယနေ့နံနက်(၁၁)နာရီ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း ခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များ၊ အဘိုးအဘွား များ၊ ဌာနဆိုင်ရာအသီးသီးမှကိုယ်စားလှယ်များ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာ၌  မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမိသားစုဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ သက်ကြီးရွယ်အိုများ၏ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့မှုများကို ကျေးဇူးပြုသောအား ဖြင့်လည်းကောင်း၊ လက်ရှိလူမှု အဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုများက တစ်နည်းနည်းဖြင့် အကျိုးပြုနေဆဲဖြစ်တာကို အသိ အမှတ်ပြုသောအနေဖြင့်လည်းကောင်း ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုလို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားများကို မြန်မာနိုင်ငံတွင်  (၁၉၉၉) ခုနှစ် ကတည်းက မပျက်မကွက် ဂုဏ်ပြုကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခင်နှစ်များက အခမ်းအနားများကို နေပြည်တော်‌ ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်များတွင် ကျယ်ပြန့်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကြောင့် ယခုကဲ့သို့ Online အခမ်းအနားဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ နေ့အခမ်းအနား၏ ဆောင်ပုဒ်ကို “Pandemics: Do They Change How We Address Age and Ageing?” “သက်ကြီးရွယ်အို ကာကွယ်ဖို့ ၊ သက်ရွယ်မ ရွေးပူးပေါင်းလို့ ၊ ကပ်ရောဂါကို တိုက်ထုတ် စို့”ဟု သတ်မှတ်ပြီး ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အဖြစ် သတ်မှတ်ထားသည့် ကိုဗစ်-၁၉ရောဂါပိုး သည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ ယောကျ်ား မိန်းမ၊ ကလေးလူကြီး မခွဲခြား မည်သူ့ကိုမဆို ကူးစက်နိုင်သည့် ရောဂါဖြစ်ကြောင်း၊ အသက်အရွယ်မရွေး ရင်ဆိုင်ကြုံတွေ့နေရပြီး အထူးသဖြင့် ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သည့် သက်ကြီးရွယ်အို များအတွက် ပိုမိုကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများသည် အများအားဖြင့် အိမ်တွင်း၌သာ နေထိုင် ကြခြင်း ဖြစ်သော်လည်း ကလေး၊ လူငယ်၊ လူကြီးများကတစ်ဆင့် ရောဂါပိုးသယ်ဆောင်ပြီး ကူးစက်နိုင်ပါကြောင်း၊ သက်ကြီးရွယ်အိုများသည် ကိုယ်ခံအားနည်းပါးသည့်အတွက် နာတာရှည် ရောဂါရှိပါက အန္တရာယ်ကို ပိုမိုကြုံတွေ့ရနိုင်ပါကြောင်း၊ ကလေး၊ လူငယ်၊ လူကြီးများမှာလည်း နာတာရှည်ရောဂါရှိလျှင် အသက်အန္တရာယ် ထိခိုက်နိုင်၍ တစ်ဦးချင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မခံရ အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ကြီးရွယ်အိုများကို ကာကွယ်နိုင်ရန် အသက်အရွယ်မရွေး ပူးပေါင်းပါဝင်ကြမှသာ ကပ်ရောဂါကိုတိုက်ထုတ်နိုင်မည်ဖြစ်ပါကြောင်း မြန်မာ နိုင်ငံအနေဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ဆက်စပ် အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ လူ့အခွင့်အရေးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများဖြင့် ပြည့်စုံသော မွေးရာပါအခွင့်အရေးဖြစ်သဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို  အလေး ထားလျက် ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 မြန်မာနိုင်ငံသည် သက်ကြီးရွယ်အိုများအတွက် The Madrid International Plan of Action on Ageing  နိုင်ငံတကာ လုပ်ငန်းအစီအစဉ်ကို သဘောတူထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ လုပ်ငန်းအစီအစဉ် တွင်ပါဝင်သော ကျန်းမာပြီး အသက်ရှည်ခြင်းဖြစ်ရန် ပံ့ပိုးကူညီမှုများ ပြုလုပ်ရမည် ဖြစ်ပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာလတွင် သက်ကြီးရွယ်အိုများကို ကိုဗစ်-၁၉ ရောဂါကူးစက် ခံရခြင်းမှ ကာကွယ်ပေးခြင်း အပြင် ကိုဗစ်-၁၉ ကပ်ရောဂါမှာ ကျန်းမာရေး ပြဿနာသာမက လူမှုစီးပွားထိခိုက်စေသော ကြီးမားသည့် စိန်ခေါ်မှုဖြစ်သဖြင့် နိုင်ငံတော်အနေဖြင့် သက်ကြီးရွယ်အို များအကြား ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားနိုင်သည့် လူမှုစီးပွားအခက်အခဲများကို လျော့ပါးစေရေး အတွက် လူမှုရေးပင်စင် ခံစားလျှက်ရှိသည့် သက်ကြီးရွယ်အို (၂၀၀,၃၀၁)ဉီးကို ပုံမှန် လူမှုရေးပင်စင် သုံးလတစ်ကြိမ် ထောက်ပံ့ငွေကျပ်(၃၀၀၀၀/-)အပြင် တစ်ဉီးလျှင်ငွေကျပ် (၃၀၀၀၀/-) နှုန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်းတွင် တစ်ကြိမ်ထပ်ဆောင်း ထောက်ပံ့ခဲ့ပါကြောင်း။

ထို့အပြင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် (၈၀)ပြည့်ပြီး အသက် (၈၅)နှစ် မပြည့်သော သက်ကြီးရွယ်အို( ၂၈၅, ၅၉၂ ) ဦးကို တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀/-) နှုန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ အတွင်းတွင် ထောက်ပံ့ခဲ့ပါ ကြောင်း၊ ထို့ပြင် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အထိမ်းအမှတ်အ ဖြစ် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကို ယခင်နှစ်များကဲ့သို့ပင်  ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၁၀)သိန်းစီကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ တစ်ဆင့် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် သက်ကြီး ရွယ်အိုများ၏ ဝင်ငွေလုံခြုံရေးကို အထောက်အကူပြုနိုင်ရန်အတွက် အမျိုးသား လူမှုရေးပင်စင်အစီအစဉ်ကို ၂၀၁၇ - ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်ကတည်း က စတင်အကောင်အထည် ဖော်ခဲ့ရာ ယခုအခါ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုဦးရေ (၂၁၆,၃၉၆) ကို တစ်လ ငွေကျပ်(၁၀,၀၀၀)နှုန်းဖြင့် (၃)လတစ်ကြိမ် ငွေကျပ်(၃၀,၀၀၀)ကျပ် ပုံမှန် ခံစားခွင့်ရနေကြပြီ ဖြစ်ပါကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်များ၌လည်း နိုင်ငံတော်၏ အကန့်အသတ်ရှိ သော ရန်ပုံငွေအခြေအနေပေါ်မူတည်၍ အကျုံးဝင်အသက်ကိုလျော့ချပြီး ထောက်ပံ့ခြင်းနှင့် အကျိုးခံစား ခွင့်ငွေကြေးကို တိုးမြှင့်ထောက်ပံ့ခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစီအစဉ်အသစ် တစ်ခုဖြစ်သော သက်ကြီး ရွယ်အိုများအတွက် မျိုးဆက်အသီးသီး၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ ပါဝင်သည့် “Inclusive Self-Help Group” “လူမှုအားမာန်” အဖွဲ့များကို ကျေးရွာအဆင့်များတွင် ဖွဲ့စည်းပြီး သက်ကြီးရွယ်အို များနှင့် အခြားမျိုးဆက်များ အတွက်ပါ အပြန်အလှန် ကူညီစောင့်ရှောက် နိုင်ရေးအတွက် နိုင်ငံတော်က ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူမှုအားမာန်အဖွဲ့ပေါင်း (၂၁၆) ဖွဲ့ကို အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် လူမှုဝန်ထမ်း ဦးစီးဌာန ရန်ပုံငွေမှ ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေး နှစ်မှ စတင်၍ ကနဦး မတည်မှု ရန်ပုံငွေ တစ်ဖွဲ့လျှင် ငွေကျပ်(၁၀)သိန်းစီ ထောက်ပံ့ခဲ့ပါကြောင်း၊ လာမည့် ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေး နှစ်တွင်လည်း အဖွဲ့ပေါင်း (၄၀၀) ကို တိုးချဲ့ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အို အခွင့်အရေးနှင့်ပတ်သက်၍ အစိုးရအပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးက ဆက်လက်ကြိုးပမ်းပြီး အားထည့်ဆောင်ရွက်သွားရန် လိုအပ်သလို ဘိုးဘွား များအနေဖြင့်လည်း မိမိတို့သည် မိသားစု အတွက်၊ ရပ်ရွာအတွက်၊ နိုင်ငံအတွက်နှင့် လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက် တစ်နည်းနည်းဖြင့် အကျိုးပြုနေသေးကြောင်း ဆက်လက်ပြသရန်  လိုအပ်မည်ဖြစ် ပါကြောင်း။

ဘိုးဘွားများ ဖြတ်သန်း တွေ့ကြုံခဲ့ရသော အတွေ့အကြုံများ၊ ရရှိထားသော ပညာများသည် အနာဂါတ် မျိုးဆက်များအတွက် တန်ဖိုးမဖြတ်နိုင်သော  အရာများဖြစ်ပါကြောင်း၊ ထိုအတွေ့ အကြုံများနှင့် ပညာများကို လက်ဆင့် ကမ်းမျှဝေပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ထိုသို့မျှဝေပေးနိုင်ရန် သက်ဆိုင် ရာ အစိုးရအဖွဲ့အစည်းများ အနေဖြင့်လည်း  အခွင့်အလမ်းများ ဖန်တီးပေးသွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ သည် သက်ကြီးရွယ်အိုများကို ယခုကဲ့သို့ လေးစား ဂုဏ်ပြုသည့် အခမ်းအနားများ ကျင်းပပေးရုံ သက်သက် မဟုတ်ပဲ ယခုကျရောက်နေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကာကွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း အပါအဝင် သက်ကြီးရွယ်အိုများ၏ဘဝ အမှန်တကယ်လုံခြုံမှုရှိစေရေးနှင့် သက်ကြီးရွယ်အို များ၏ စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ရေး အခွင့်အလမ်းများဖန်တီးပေးရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှပေးပို့သော သဝဏ်လွှာကို UNDP မှ ဌာနေ ကိုယ်စားလှယ်  UN Resident and Humanitarian Coordinator, Mr.Ola Almgrem က ဖတ်ကြားသည်။

ယင်းနောက် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးများဆိုင်ရာ ဆောင်ရွက် ချက် ဗီဒီယို မှတ်တမ်း ကိုပြသခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)