Skip to main content

မယ်စဲ့မြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မယ်စဲ့ ဇန်နဝါရီ ၂၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ပြည်နယ်ဦးစီးမှူး ဦးအောင်ကျော်ထူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တင်ဒါအောင်မြင်သည့် ကုမ္ပဏီအသီးသီးမှ တာဝန်ယူဆောင် ရွက်လျက်ရှိ သည့် ဟိုဂျစ်-တောင်လှ မြေသားလမ်း အရှည်(၅/၄)မိုင်ဖောက်လုပ်ခြင်းလုပ်ငန်း၊ အဆိုပါလမ်းပေါ်ရှိ ပေ(၅၀)ကွန်ကရစ်တံတားတစ်စင်းနှင့် (၁၀)ပေ ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-ဟိုဖ မြေသားလမ်း အရှည်(၅)မိုင်ပေါ်တွင် အရှည်(၄)မိုင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း၊ ဟိုဂျစ်-ဟိုဖ-လယ်တော အရှည်(၉)မိုင်အနက် ဖောက်လုပ်ရန် ကျန်ရှိသည့် အရှည်(၄)မိုင် မြေသားလမ်း ဖောက်လုပ် ခြင်းလုပ်ငန်း၊ ယင်းလမ်းပေါ်တွင် ပေ(၄၀) ဘေလီတံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ လယ်တော-လမ်းဆုံ မြေသားလမ်း အရှည် (၂/၄)မိုင်ကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မယ်စဲ့မြို့ ဧည့်ရိပ်သာ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးနှင့် တာဝန်ရှိသူများသည် နမ့်မန်းကျေးရွာ၌ အရှည် ၃၃၀၀ ပေ၊ အကျယ် ၁၂ ပေ ကျေးရွာတွင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်ရှိ Box Culvert နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို  ကြည့်ရှုစစ်ဆေးရာ မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မြို့နယ်ဦးစီးမှူး ဦးစိုးလှိုင်ဝင်းနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးက အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)