Skip to main content

ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၂

ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ ဒုတိယဝန်ကြီးက ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီက မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ လမ်းပြမြေပုံပါ မိမိတို့လုပ်ငန်းကော်မတီနှင့်သက်ဆိုင်သည့် မဟာဗျူဟာမဏ္ဍိုင်များအလိုက် မဟာဗျူဟာပန်းတိုင်များ ပြည့်မီစေရေးအတွက် လုပ်ငန်းစဉ်များကို သတ်မှတ်ကာလများအတွင်း အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တုနည်းပညာ အပါအဝင် ထွန်းသစ်စဒစ်ဂျစ် တယ်နည်းပညာ ဆန်းသစ်တီထွင်မှုများမှ စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒစ်ဂျစ်တယ်အတတ်ပညာများ မြှင့်တင်ရေးတို့မှသည် ဦးစားပေးကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်လာစေပြီး ပြည်သူတစ်ရပ်လုံး၏ ရေရှည်အကျိုးစီးပွားကို လွှမ်းခြုံဖော်ဆောင်ပေးနိုင်မည့် ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်းအဖြစ် ဖြစ်ထွန်းလာစေရေး အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းတို့မှ ဒစ်ဂျစ်တယ်နည်းပညာနှင့် သက်ဆိုင်သူများအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင် ဌာဆိုင်ရာများ၊ ပြင်ပအဖွဲ့အစည်းများ ဖြစ်ကြသော UMFCCI ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ Myanmar Digital Economy Association တို့မှ တာဝန်ရှိသူများက လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန်အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်