နေပြည်တော် အောက်တိုဘာ ၁
ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦး ဖွင့်လှစ် ခြင်း (Soft Opening) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ ၌ Zoom Application ဖြင့် ကျင်းပ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO)၊ အရှေ့ တောင် အာရှနိုင်ငံများအဖွဲ့ (Association of South East Asian Nation-ASEAN) နှင့်ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization - WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် WTO ၏ ကုန်သွယ်မှုနှင့် ဆက်စပ်နေသော မူပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ် (Trade Related Aspect of Intellectual Property Rights - TRIPS Agreement)၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား တည်ဆောက်မည့် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ASEAN Framework Agreement on Intellectual Property Co-operation ပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့် ကြော်ငြာ စာအမှတ် ၁၈/၂၀၂၀၊ ၂၁/၂၀၂၀ နှင့် ၃၁/၂၀၂၀ တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ဒုတိယသမ္မတ(၂) ဦးဆောင်၍ ဒုတိယဥက္ကဌအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ဆောင်ရွက်လျက် ရှိပါကြောင်း။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ပထမဦးစွာ လက်ရှိကျင့်သုံးနေသော ဦးစွာအသုံးပြုသူကို အခွင့်အရေးပေး သော စနစ်မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ်သို့ ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ကြောင်း၊ ထို့သို့ကူးပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက် ထားခြင်းများ ကြိုတင်လက်ခံခြင်းအား ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာန၏ အမိန့်အမှတ် (၆၃/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ အမိန့်စာအရ ယနေ့မှ စတင်ပြီး အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းများကို ကြိုတင် လက်ခံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုစတင်ဖွင့်လှစ်သည့် ကနဦးလက်ခံခြင်း ကာလတွင် လည်း ပထမအဆင့်အနေဖြင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) ၏ WIPO File စနစ်ကို အသုံးပြုမည်ဖြစ်သဖြင့် ယခုကဲ့သို့သော ကိုဗစ်-၁၉ ကာလတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှုကိုလည်း အထောက်အကူပြုစေမည်ဟု မျှော်လင့်ပါကြောင်း၊ ဒုတိယအဆင့်တွင်လည်း ကိုယ်တိုင်လာရောက် လျှောက် ထားမှုများကို ဆက်လက်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကုန် အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်နိုင် စေရန်အတွက် လိုအပ်သော နည်းဥပဒေများ၊ လျှောက်လွှာများ၊ အခကြေးငွေများ အတည်ပြု နိုင်ရေးလုပ် ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေအာဏာသက်ဝင်ပြီးလျှင် အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင်စတင်ဆောင်ရွက် မည်ဖြစ် ပါကြောင်း။
မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် မူပိုင်ခွင့်များကို ထိ ရောက်စွာ အကာအကွယ်ပေးနိုင်ခြင်း၊ မျှတသည့်ယှဉ်ပြိုင်မှုများပေးနိုင်ခြင်း၊ တီထွင်ဖန်တီးမှုများကို အားပေးနိုင်ခြင်း၊ ကုန်သွယ်မှုမြင့်တက်လာ စေနိုင်ခြင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်တက်လာစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့် စနစ် ဖြစ်ထွန်းပေါ်ပေါက် လာစေရေး အတွက် ဆောင်ရွက်ရာတွင် အစဉ်တစိုက် ဥပဒေပိုင်းဆိုင် ရာ အကြံဉာဏ်များနှင့် အီလက် ထရောနစ်စနစ်အသုံးပြုခြင်းအတွက် WIPO Solutions များစသည့် အကူအညီများကို ပံ့ပိုးပေးနေ သော WIPO၊ USAID၊ JICA နှင့် JPO တို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ် တစ်ရပ် ကျင့်သုံး ပေါ်ပေါက်နိုင်စေရန် မူပိုင်ခွင့်ဥပဒေများကို အကောင်အထည် ဖော်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များကို ပြင်ဆင်ဆောင်ရွက်နိုင်စေရေးအတွက် ကဏ္ဍ အသီးသီး အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေ လိုပါကြောင်း ပြောကြား သည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး က အွန်လိုင်းစနစ်ကိုအသုံးပြုပြီး ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို စနစ်သစ် ဖြင့် စတင်ဖွင့်လှစ် နိုင်သည့်အတွက် ဂုဏ်ယူပါကြောင်း၊ မူပိုင်ခွင့်သည် စီးပွားရေး ကဏ္ဍနှင့်များစွာ ဆက်စပ်မှု ရှိသောကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရခြင်း သည် ကောင်းမွန်သည့် အခွင့်အလမ်းတစ်ခုဖြစ်မည်ဟုယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် မူပိုင်ခွင့်ဥပဒေများ မူကြမ်းပြုစုရေးဆွဲပြီး အတည်ပြုပြဌာန်းနိုင်ရေးကို အဆင့် ဆင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမ နှစ်ဝက်အတွင်းတွင် အတည် ပြုပြဌာန်း နိုင် သည်အထိ ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲ များနှင့် သင်တန်းများကို ကိုယ်စားလှယ် များစေလွှတ်ပြီး တက်ရောက်နိုင်စေခဲ့ သည့်အပြင် တက္ကသိုလ်များနှင့် အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများအတွက်အသိပညာပေးဆွေးနွေးပွဲများကိုလည်းကျင်းပပေးနိုင်ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက် လာစေရန် အတွက် လိုအပ်သည့် အရင်းအမြစ် များအပါအဝင်နည်းပညာနှင့်ဥပဒေဆိုင်ရာ အထောက် အပံ့များကိုပံ့ပိုးပေးပြီး ပူးပေါင်း ဆောင်ရွက်ပေးနေကြသည့် ပြည်ပအဖွဲ့ အစည်း များနှင့် အစိုးရဌာနများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် လုပ်ငန်းရှင်များအသင်း (MIPPA)၊ မူပိုင်ခွင့် အစည်း အရုံးများစသည်တို့ အပါအဝင် ပြည်တွင်းအဖွဲ့အစည်းများနှင့် ပညာရှင်များ အားလုံးတို့ကို ကျေးဇူး များစွာတင်ရှိပါ ကြောင်းနှင့် ဆက်လက်ပူးပေါင်းပါ ဝင်ဆောင်ရွက် ပေးစေလိုပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yoshiyuki TAKAGI ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်း ၊ US Embassy Myanmar မှ Chargé d'Affaires ဖြစ်သူ Ms. Gwendolyn Cardno၊ JICA Myanmar Office မှ Chief Representative ဖြစ်သူ Mr. Noriji SAKAKURA နှင့် Japan Patent Office (JPO)မှ Deputy Commissioner ဖြစ်သူ Mr. Susumu IWASAKI တို့က မြန်မာနိုင်ငံတွင် မူပိုင်ခွင့်အကာအကွယ်ပေးနိုင်စေရန် စတင် ဆောင်ရွက်သည့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများကို ကြိုတင် လက်ခံမည့် ကနဦးဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင် ခွင့်ဌာန၏ အင်တာနက်စာမျက်နှာ www.ipd.gov.mm တရားဝင် မိတ် ဆက် အသိပေး ပြောကြားပြီး အခမ်းအနား ပထမပိုင်းအစီအစဉ်ကို ရုပ်သိမ်း သည်။
ဒုတိယပိုင်းအစီအစဉ်ကို မွန်းလွဲ (၁) နာရီတွင် ဆက်လက်ကျင်းပခဲ့ရာ မူပိုင်ခွင့်ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန်အမှတ် တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများအားလက်ခံမည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် (WIPO File) ကို လည်းကောင်း၊ မူပိုင်ခွင့်ဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက ကုန်အမှတ် တံဆိပ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအပါအဝင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်အကြောင်း သိ ကောင်း စရာ များကိုလည်းကောင်း ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူ များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)