နေပြည်တော် ဇန်နဝါရီ ၂၁
ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ညပိုင်းတွင် ရန်ကုန်မြို့၊ Novotel Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Visitstump ၊ (ကြည်း၊ ရေ၊ လေ၊ ရဲ) စစ်သံမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖွင့်၍ အလေးပြုကာဖွင့်လှစ်ကြသည်။ ထို့နောက် သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ထိုင်းဘုရင့်တပ်မတော်ဆိုင်ရာ ဗီဒီယိုပြသမှုအားကြည့်ရှုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့က အထိမ်းအမှတ်ကိတ်မုန့်လှီးဖြတ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကြပြီး သရုပ်ပြဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးကြကာ စစ်သံမှူး Senior Colonel Thanwit Yomchinda က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။