Skip to main content

ထုတ်ကုန်ပစ္စည်းများ အမြောက်အမြားထုတ်လုပ်နိုင်ရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရမည်

နေပြည်တော် ဇန်နဝါရီ ၁၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ အဆိုပါဌာနမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် တိုင်းဒေသကြီးဦးစီးဌာနမှူးက တိုင်းဒေသကြီးအတွင်းရှိ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေမှု၊ မကွေးစက်မှုဇုန် တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ပါဝင်ပြသ၊ ယှဉ်ပြိုင်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တွင် MSME ကဏ္ဍမှ ပါဝင်မှုရာခိုင်နှုန်းကို တွက်ချက်ထားရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုတိုးတက်လျှင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ထုတ်ကုန်ပစ္စည်းများ အမြောက်အမြား ထုတ်လုပ်နိုင်ရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးအရင်းအနှီးရရှိရေးတို့ကို စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နည်းပညာရရှိရေးအတွက် စက်မှုလုပ်ငန်းများနှင့် တက္ကသိုလ်များ ချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များသည် ဒေသတွင်းရှိ ပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သဖြင့် ဆင်းရဲနွမ်းပါးမှုကိုလျှော့ချနိုင်၍ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME များမှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်