Skip to main content

ရိခေါ်ဒါရ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ငွေတိုက်ခွဲအဆောက်အဦသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဖွင့်လှစ်ပေး

ရိခေါ်ဒါရ်         အောက်တိုဘာ     ၁

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အသစ်ဆောက်လုပ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်၊ ရိခေါ်ဒါရ်ငွေတိုက်ခွဲအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက် ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့စီးပွားရေးဘဏ်၊ ချင်းပြည်နယ်ရုံး၊ ပြည်နယ်ဘဏ်မန်နေဂျာ ဦးတင်ထွန်းက ရိခေါ်ဒါရ်ဘဏ်ငွေတိုက်ခွဲတည်ဆောက်မှုအခြေအနေနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ရိခေါ်ဒါရ်မြို့ဒေသခံ ဦးလာလ်ချန့်လျန်နာက ရိခေါ်ဒါရ်မြို့၌ ဘဏ်ငွေတိုက်ခွဲ ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးသည်။

ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ်၊ ရိခေါ်ဒါရ်ဘဏ်ငွေတိုက်ခွဲအဆောက်အဦသစ်ကို ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် မြန်မာ့စီးပွားရေးဘဏ်၊ ချင်းပြည်နယ်ရုံး၊ ပြည်နယ် ဘဏ်မန်နေဂျာ ဦးတင်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဘဏ်မန်နေဂျာက ဘဏ်ငွေတိုက်ခွဲဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်အလံနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံပေး သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ အခမ်းအနားတက်ရောက်လာကြသူများက အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့က ဘဏ်ငွေတိုက်ခွဲ အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်ခွဲအဆောက်အဦသည်  ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၇၆ သန်းဖြင့် အလျား ၅၀ ပေ၊ အနံ ၃၀ ပေရှိ RCC တစ်ထပ်အဆောက်အဦနှင့် ဘဏ်ငွေသိုလှောင်ခန်း အလျား ၁၆ ပေ၊ အနံ ၁၆ပေ RCC တစ်ထပ်အဆောက်အဦအား ခွင့်ပြုရန်ပုံငွေ ကျပ် ၂၈.၅၀၀ သန်းဖြင့် VANVA Co.,Ltd မှတာဝန်ယူ ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း၊ ထို့အပြင် သုံးခန်းတွဲဝန်ထမ်းအိမ်ယာ အဆောက်အဦ အလျား ၅၀ ပေ၊ အနံ ၃၀ ပေ၊ RCC တစ်ထပ်အား ခွင့်ပြုရန်ပုံငွေ ကျပ် ၅၂.၄၇၀ သန်းဖြင့် BRILLIANT TRINITY Co., Ltd မှ တာဝန်ယူဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)