မိုင်းဆတ် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀) နှစ်မှ (၈၅) နှစ်ကြားရှိ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက အိမ်တိုင်ရာ ရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဘိုးဘွာတစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေများကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်သောင်းသောင်းအေး နှင့် တာဝန်ရှိ သူတို့က ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ ယမန်နေ့က ဝိန်းနေရပ်ကွက်ရှိ အဘိုး(၂)ဦးနှင့် အဘွား(၇)ဦး စုစုပေါင်း(၉)ဦးအား လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့သည်။
ဇူလိုင်လအတွင်းကောက်ယူထားရှိသော စာရင်းများအရ မိုင်းဆတ်မြို့တွင် အသက်(၈၀) နှစ်မှ (၈၅) နှစ်ကြားရှိ သက်ကြီးဘိုးဘွား ၇၃ ဦး ရှိပြီး ကျန်ရှိသောဘိုးဘွားများ ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)