ပွင့်ဖြူ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အာရ်စီနှစ်ထပ် စံပြကျောင်းဆောင်သစ်အား မကွေးမြို့၊ အောင်ပဒေသာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိရာ စက်တင်ဘာလ ၂၅ ရက်နေ့က ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ တာဝန်ယူ ဆောက်လုပ်သည့်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ကို ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာရှိ ကျောင်းနေအရွယ်ကလေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက် နိုင်ငံတော်အစိုးရမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ၊ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၆၅၂ ဒသမ ၃၀၁၄ သန်း ဖြင့် မကွေးမြို့ အောင်ပဒေသာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ၍ အလျား ၁၆၈ ပေ ၊ အနံ ၁၈၄ ပေရှိ အာရ်စီနှစ်ထပ် စံပြကျောင်းဆောင်သစ်အား ၂၀၁၉ ခုနှစ် ၊ မတ်လ ၂၅ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်နေ့တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ တည်ဆောက်ပြီးစီးသည့် အာရ်စီနှစ်ထပ် စံပြကျောင်းဆောင်သစ်မှာ မကွေးတိုင်းဒေသကြီးအတွင်း တစ်ခုတည်း သော ဆောက်လုပ်ခွင့်ရရှိသည့် ကျောင်းဆောင်သစ်လည်း ဖြစ်ကြောင်း သိရသည်။ ယနေ့ မွန်းလွဲ ၁ နာရီက တည်ဆောက် ပြီးစီးသည့် ကျောင်းဆောင်သစ်နှင့် ပတ်သက်သော အချက်အလက်များကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ တိုင်းဒေသကြီးအလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေနှင့် လွှတ်တော်ကိုယ်စားလှယ် များ ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ရေပုတ်ကြီးကျေးရွာနေပြည်သူများ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိရေးအတွက် ကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာမီးလင်းရေး လုပ်ငန်းအတွက် အသုံးပြုရန် အလှူရှင်များက အလှူငွေကျပ် (၄၅)သိန်းအား ကျေးရွာမီးလင်းရေးကော်မတီထံ လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် တည်ဆောက်ပြီးစီးသည့် အာရ်စီနှစ်ထပ် စံပြကျောင်းဆောင် သစ်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)