Skip to main content

လူထုပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၃၀

လူထုပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း(ခ) ပါစီပြည်ဟိန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

ကျွန်တော်ကတော့လူထုပါတီမှ ပါတီဌာနချုပ်ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း (ခေါ်) ပါစီပြည်ဟိန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှစ၍ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီက အင်္ဂလိပ်လို အားဖြင့် The Party For People ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး လူမှုဘဝ ဖွံ့ဖြိုး တိုးတက် စေရန်နှင့် လူသားအခွင့်အရေးများ ရရှိခံစားစေရန် လူသားထုအတွင်း မပြေလည်မှုများကို ဖြေရှင်းရန် ရည်ရွယ်၍ လည်းကောင်း၊ နိုင်ငံတော်အတွင်းရှိ လူသားမျိုးနွယ်အားလုံး ဥမကွဲသိုက်မပျက်စေရန် ရည်ရွယ်၍လည်းကောင်း လူထုပါတီကို ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီရဲ့ အလံနဲ့တံဆိပ်တို့ဟာ အတူတူပဲဖြစ်ပါတယ်။ အလံသည် အနီရောင်နဲ့ အစိမ်းရောင်ကို နောက်ခံထားပြီး အလယ်တွင် အပြာရောင်အဝိုင်းကြီးပါရှိပါတယ်။ အပြာရောင်အဝိုင်းကြီးထဲ၌ အရွယ်တူ ကြယ်ဖြူ ၁၄ လုံးက လွတ်လပ်ရေးကျောက်တိုင်ကြီးအား ဝန်းရံထားတယ်။ အပြာရောင် အဝိုင်းကြီးထဲက လူသားအချင်းချင်း လက်ဆွဲနှုတ်ဆက်သော ပုံသဏ္ဌာန်ပါရှိပါတယ်။

၁။ နောက်ခံအနီရောင်သည် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုအကျိုး စီးပွားဖွံ့ဖြိုးတိုးတက် သာယာဝပြောရေးကို ရဲရဲဝံ့ဝံ့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ရန် ဖြစ်ပါတယ်။

၂။ နောက်ခံအစိမ်းရောင်သည် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက် သာယာဝပြောရေးကို ရည်ညွှန်း ပါတယ်။

၃။ အပြာရောင်အဝိုင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံး တည်ငြိမ် အေးချမ်းမှုရှိစေရန် ရည်ညွှန်းပါတယ်။

၄။ အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု အခွင့်အရေးသာတူညီမျှမှုကို ရည်ညွှန်း ပါတယ်။

၅။ လွတ်လပ်ရေးကျောက်တိုင်သည် တိုင်းပြည်၏ အထိမ်းအမှတ် လက္ခဏာဖြစ်ပြီး အရွယ်တူ ကြယ်ဖြူ ၁၄ လုံးက ဝန်းရံထားခြင်းသည် ဥမကွဲသိုက်မပျက် လွတ်လပ်စွာနေထိုင်ရန် ဖြစ်ပါတယ်။

၆။ လက်ဆွဲနှုတ်ဆက်နေသည့် ပုံသဏ္ဌာန်မှာ နိုင်ငံတော်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ မတူညီသော အမြင်များ၊ အမျိုးသား ရေးပြဿနာများကို ဖြေရှင်းပေးရန် ရည်ရွယ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်ပြီး ကျယ်ဝန်းနက်နဲတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ခက်ခဲနက်နဲပြီး ရှုပ်ထွေးတဲ့သဘောလည်းဆောင်ပါ တယ်။ ထိုသို့ သဘောရှိသော်လည်း မည်သူကမျှ နိုင်ငံရေးကို မျက်ကွယ်ပြုလို့ မရပါဘူး။ နိုင်ငံရေး၏ တကယ့်အနှစ်သာရကို မိမိတို့ပါတီမှ ပြည်သူလူထု တစ်ရပ်လုံး နားလည် သဘောပေါက် စေရန် ချပြရမှာပဲ ဖြစ်ပါတယ်။ မိမိတို့ ပါတီ၏ ကြိုးစားမှုဖြင့် နိုင်ငံရေး၏ စစ်မှန်သော အနက်အဓိပ္ပာယ်ကို ပြည်သူ များနားလည်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို တာဝန်သိမှု၊ တာဝန်ယူမှု တို့ဖြင့် ဆောင်ကြဉ်းနိုင်မှာဖြစ်ပါတယ်၊ လူသားတို့ဟာ မိမိတို့၏ စားဝတ် နေရေး၊ လူမှုရေးကိစ္စများကို ဖြေရှင်းရန်၊ စီမံရန်၊ အုပ်ချုပ်ရန်၊ ကွပ်ကဲထိန်း ကျောင်းရန် ပို၍ကောင်းသော နည်းစနစ်များကို ရှာဖွေလာခဲ့ကြပါတယ်။

နိုင်ငံရေးအတွေးအခေါ်အယူအဆများ၊ သဘောတရားများ၊ အဖွဲ့အစည်း များ ဖြစ်ပေါ်လာသောကြောင့် ယုံကြည် သည့် အပေါ် အခြေတည်ထားသည့် လူမှုရေးကိုအခြေပြု၍ လွတ်လပ်ခွင့် ရရှိစေရန် ဖော်ဆောင် မည့် သဘောရှိတဲ့ ဝါဒပဲဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

ကျွန်တော်တို့ပါတီရဲ့ ခံယူချက်က မည်သည့်ကိစ္စမဆို စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းဟာ ဒီမိုကရေစီအစစ်အမှန် ဖြစ်ပါတယ်၊ စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းဟာ ညီမျှခြင်းဖြစ်မှရမယ်။ ညီမျှခြင်းဆိုတဲ့ သင်္ချာသင်္ကေတဟာ ဘယ်ဘက် ကိုမှ အလေးသာလို့မရပါဘူး။ ကျွန်တော်တို့ပါတီဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြင့် ပြည်သူလူထုတစ်ရပ်လုံး ယုံကြည် အားကိုးရသော အစိုးရ တစ်ရပ်ဖြစ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ပြည်သူတစ်ရပ်လုံး၏ စားဝတ်နေရေး၊ ပညာရေး၊ စီးပွားရေး ဘက်စုံဖွံ့ဖြိုး တိုးတက် လာစေရန် ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများကို ဖိတ်ခေါ်ပြီး တိုင်းရင်းသားပြည်သူများ ပါဝင်သော စီးပွားရေးလုပ်ငန်းများကို ဖော်ဆောင် ပြီး နိုင်ငံတော်၏ စီးပွားရေးတိုးတက်ခိုင်မာလာစေရန် ကြိုးပမ်း ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်၏ကြွယ်ဝသော သဘာဝသယံဇာတအရင်းအမြစ်များကို တိုင်းရင်းသား ပြည်သူများ မျှဝေသုံးစွဲနိုင်ရမည်။ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှု လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူများ အင်တိုက်အားတိုက် ပါဝင် လုပ်ကိုင်နိုင်ရမယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင် ဖြစ်သည့် ရပ်ကွက်အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် ပြည်သူတစ်ရပ်လုံး ပါဝင်စေရမယ်။

လူထုပါတီသည် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူ အချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း၊ ပြည်သူနှင့် အုပ်ချုပ်သူ အစိုးရကြား မတူညီသည့် အမြင်များ၊ ပဋိပက္ခများ၊ အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုရှိအောင် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

နိုင်ငံတော်ဟာ နှစ်ပေါင်းများစွာ နယ်ချဲ့တို့၏ ကျူးကျော်စော်ကားမှုကို ခံခဲ့ရပါတယ်။ လွတ်လပ်ရေး ရပြီးနောက် ပိုင်းတွင်လည်း နိုင်ငံရေးခေါင်းဆောင် များ ယုံကြည်သည့်ဝါဒသဘောတရားများ မတူညီမှုများကြောင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ခြင်းမရှိဘဲ နိုင်ငံတော်နှင့် ပြည်သူတို့၏ဘဝ အဘက်ဘက်မှ နိမ့်ကျခဲ့ ရပါတယ်။ ကျွန်တော်တို့ဟာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဟူ၍ မခွဲခြားဘဲ တစ်တိုင်းပြည်လုံး စုပေါင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ တိုင်းပြည်နှင့် လူထု ကောင်းစားစေရန် အကောင်းဆုံးကျင့်သုံးရမည့် ကျင့်စဉ်အမှန်မှာ ဒီမိုကရေစီ ကျင့်စဉ်သာလျှင် ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အတိတ်ကာလ နိုင်ငံရေးဝါဒများ၏ ဆိုးမွေ၊ ကောင်းမွေ များဖြစ်သည့် နိုင်ငံရေးဖြစ်စဉ်များ၊ လူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံရေးသုခမိန်တို့၏ အတွေးအခေါ်များ၊ ဝါဒသဘောတရားများ၊ နိုင်ငံရေးသီအိုရီများကို လေ့လာ သိရှိခြင်းဖြင့် မျက်မှောက်ခေတ်ကာလ နိုင်ငံရေးပြဿနာများ၊ မိမိနိုင်ငံနှင့် ပတ်သက်သောပြဿနာများကို ဖြေရှင်းရာတွင် သင်ခန်းစာများရယူပြီးမှန်ကန် ကောင်းမွန်တဲ့ ဆုံးဖြတ်မှု၊ လုပ်ဆောင်မှု အကြံအစည်များရယူရန် လိုအပ်ပါ တယ်။ လူထုပါတီ၏ နိုင်ငံရေးလမ်းစဉ်မှာ ဒီမိုကရေစီဝါဒပဲဖြစ်ပါတယ်။ ပါတီ၏ ခံယူချက်က နိုင်ငံတော် အတွင်း လူတစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းအားလုံး သင့်မြတ်စွာနေထိုင်၍ တရားဥပဒေကိုလေးစား လိုက်နာပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်အေးချမ်းသာယာရေးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်ရမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

မိမိတို့ပါတီသည် တိုင်းရင်းသားလူမျိုးစုအားလုံး၏ မတူကွဲပြားသော ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုရေး၊ ဘာသာ စာပေ၊ ကိုးကွယ်ယုံကြည်မှုတို့ကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူများ၏ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လူမှုရေးအမြင်ဆိုသည်မှာ အဖွဲ့အစည်းတစ်ရပ်ပင် ဖြစ်စေ၊ လူ့သမိုင်းတွင်ဖြစ်စေ လူသားတို့၏ စွမ်းပကားဖြင့် ဖော်ဆောင်ခဲ့ကြသော ကိုးကွယ် သည့် ဘာသာတရား၊ စာပေစကား၊ သုခုမအနုပညာများ၊ ဓလေ့ ထုံးတမ်းများကို လေ့လာသုံးသပ်၍ တိုင်းရင်းသား လူမျိုးစု တစ်စုချင်း၏ တိုးတက်လာသော ခေတ်နှင့်အညီ လူမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လူမျိုးစုများ မပပျောက်ရေးကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်ရန် ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း၏ အဓိကပြယုဂ်မှာ တိုင်းပြည်၏စီးပွားရေး ခိုင်မာတောင့်တင်းမှု ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ မြေလွတ်မြေရိုင်း လယ်ယာမြေများ အလွန်ပေါများသောကြောင့် လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ တစ်နိုင်ငံလုံး အဆင့်မြှင့်တင်ပြီး စိုက်ပျိုးရေးကဏ္ဍကို အားသွန် ခွန်စိုက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပမှအတတ်ပညာနှင့် အရင်းအနှီးများကို ဖိတ်ခေါ်၍ ပြည်တွင်းရှိ သယံဇာတများနှင့် ကုန်ကြမ်း များကို ကုန်ချောအဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည့် စီးပွားရေးမျိုး အဓိက ထား လုပ်ဆောင်နိုင်ရန် ကြိုးပမ်းရမှာဖြစ်ပါတယ်။ သဘာဝနယ်မြေများ၊ သမိုင်းဝင်နယ်မြေများကို ဆွဲဆောင်မှုရှိအောင် စီမံ၍ ကမ္ဘာ့ခရီးသွားများဝင်လာအောင် ခရီးသွားလုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းများကို တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်ကိုင်နိုင် အောင် စီမံပေးခြင်းဖြင့် ပုဂ္ဂလိက လုပ်ငန်း ရှင်များ ပေါ်ထွန်းလာစေရန် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အနှောင့် အယှက် အဟန့်အတားဖြစ်စေသည့် မြေယာတန်ဖိုး ကြီးထွားနေခြင်းကို နိုင်ငံတော်မှ ဥပဒေများ ပြဋ္ဌာန်း၍ ကာကွယ် ပေးရမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအကျဆုံးသည် ပညာရေး ကဏ္ဍပဲဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ ပညာရေးအတွက် ပညာရေးကဏ္ဍ တွင် ကြီးမားစွာမြှုပ်နှံရမယ်။ ဆရာ ဆရာမများကို အရည်အသွေးကောင်းမွန်အောင် လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ နိုင်ငံတော်၏ ပညာရေး စနစ်အခြေအနေနှင့် တိုးတက်သည့် နိုင်ငံများ၏ ပညာရေးစနစ်အခြေအနေ များကို စဉ်ဆက်မပြတ် လေ့လာနှိုင်းယှဉ်ရမယ်။

တစ်နိုင်ငံလုံးရှိ ကလေးသူငယ်များနှင့် စာမတတ်သူများအား စာတတ် မြောက်လာအောင် ဆောင်ရွက်ပေးရမယ်။ ပညာသင်အရွယ်ဖြစ်သည့် ကလေး သူငယ်အားလုံး ကျောင်းစာသင်ခန်းသို့ ရောက်ရှိစေရမယ်။ ပညာသင်သင့် သည့်အရွယ်တွင် ပညာမသင်ဘဲ လုပ်ငန်းခွင်၌ အဓမ္မစေခိုင်းခြင်းခံရသော ကလေးသူငယ်များအား ရှာဖွေဖော် ထုတ်၍   စာသင်ခန်းမများသို့ ပြန်လည် ပို့ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ကလေးသူငယ်များအား စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ၊ လိင်အနိုင်ကျင့်မှုများ မဖြစ်ပေါ်စေရေး အတွက် မိမိတို့ပါတီမှ အထူးအလေး ထားပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါ တယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

အခြေခံ ကျန်းမာရေးဆောင်ရွက်မှု များကို နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်တို့မှ ဝိုင်းဝန်းလုပ်ကိုင်စေပြီး သက် သာသောနှုန်းထားများဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ် ရှားအားကစားများကို လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်နိုင်စေရမယ်။ ဆေးလိပ်နှင့်အရက် အလွန်အကျွံ သောက်သုံးခြင်းများကို တားမြစ်နိုင်စေရမယ်။ ကျန်းမာရေးအတွက် ပညာပေး သရုပ်ပြခြင်းများကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် စီမံဆောင်ရွက်ပေးရမယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

နိုင်ငံတော်သည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် လယ်သမားများ သည် တိုင်းပြည်၏ အရေးကြီးသော အခန်းကဏ္ဍတွင်ရှိနေပြီး လယ်သမားများ အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်များကို သားစဉ်မြေး ဆက်လုပ် ကိုင်ဆောင် ရွက်နိုင်စေရန် စီစဉ်ပေးရမှာဖြစ်ပါတယ်။ လယ်သမားများ သားစဉ်မြေးဆက် လယ်ယာလုပ်ငန်းကို တစိုက်မတ်မတ်လုပ်ကိုင်နိုင်စေရန်အတွက် နိုင်ငံတော် မှ အားပေးကူညီဆောင်ရွက်ပေးရမယ်။ စားနပ်ရိက္ခာသည် လူသားတို့အတွက် အရေးကြီးသဖြင့် လယ်ယာမြေများပေါ်တွင် မြို့ရွာများချဲ့ထွင်လာမှုကို ဥပဒေများပြဋ္ဌာန်း၍ တားဆီးကာကွယ်ရမယ်။

လယ်သမားများလိုအပ်သည့် စက်ပစ္စည်း ယန္တရားများ၊ ငွေကြေးများကို ထောက်ပံ့ပေးနိုင်ရမယ်။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ရာနှုန်းပြည့် ပြောင်းလဲနိုင်ရမယ်။ စီးပွားရေးတွင် ဆန်စပါးကို အဓိကပို့ကုန်အဖြစ်ထားရှိပြီး အခြားသီးနှံများကိုလည်း ဖြစ်ထွန်းအောင်မြင်စေရမယ်။ အလုပ်သမားများ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင် နိုင်ရေးနှင့် သတ်မှတ်လုပ်အားခ များရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ရမယ်။ အလုပ်သမားတို့၏ စားဝတ် နေရေး သက်သာချောင်ချိရေးကို စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေတည်တံ့မှုသည် တပ်မတော်၏ အဓိကတာဝန်ဖြစ်ပါတယ်။ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမှာဖြစ်တယ်။ ထို့အတွက်ကြောင့် တပ်မတော်ကို ခေတ်မီစေရမယ်။ ခေတ်မီ လက်နက်ဆန်းများ တပ်ဆင်ပေးရမှာဖြစ်တယ်။ ကြည်းတပ်၊ ရေတပ်၊ လေတပ် အတွက် သက်ဆိုင်ရာ လက်နက်များ တပ်ဆင်ပေးရမယ်။ နိုင်ငံတကာ စစ်ရေးအမြင်ရှိစေရန် တပ်မတော်သားများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ပေး ရပါမယ်။

ပြည်ပနိုင်ငံများ၏ စစ်တပ်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ အခါ အားလျော်စွာ ပြုလုပ်ပေးရပါမယ်။ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရန် အရွယ်ရောက်သူတိုင်း စစ်ပညာသင်ကြားစေပြီး လိုအပ်လျှင် စစ်မှုထမ်းရမယ်။ ပြည်တွင်းလုံခြုံရေးအတွက် အဓိကအင်အားစုမှာ တပ်မတော်ဖြစ်ပြီး ဒုတိယအင်အားစုဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့အား လက်ရှိအင်အားထက် ငါးဆ တိုးချဲ့ပြီး အင်အားတောင့်တင်းခိုင်မာစေရန် စီမံဆောင် ရွက်ရမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

ယနေ့မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် တစ်ဦးကောင်း၊ တစ်ယောက် ကောင်း လုပ်လို့မရပါ။ နိုင်ငံရေး အင်အားစုအားလုံး၊ အဖွဲ့အစည်းအားလုံး၊ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းသည် ညီမျှခြင်းမဖြစ်ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မဖြစ်နိုင်ပါ။ တိုင်းပြည်ဟာ နိုင်ငံရေးခရီးလမ်းမှာ ကြမ်းတမ်းစွာမောင်းနှင်နေရ ဆဲဖြစ်ပါ တယ်။ လက်နက်ကိုင်များ၊ လူမျိုးစုများ၊ ပြည်တွင်းအင်အားစုများ၊ နိုင်ငံရေး ပါတီများကြားရှိ သဘော ထားကွဲလွဲမှုများ၊ အမြင်မတူမှုများ၊ အားပြိုင်မှုများ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ တိုင်းပြည်ဟာ ရှေ့ကို မရောက်နိုင်ဘူးဖြစ်နေတယ်။ အုပ်စုများအကြား အငြှိုးအတေးတွေ၊ နာကြည်းမုန်းတီးမှုတွေကို အဆုံး သတ်ပြီး All Inclusive အားလုံးပါဝင်သော တိုင်းပြုပြည်ပြု လူထုအကျိုးပြု လုပ်ငန်းများကို လုပ်မှရတော့မယ်။

အင်အားစုအားလုံး မတူတာတွေကို ဖယ်ရှားပြီး တူတာတွေကို လုပ်မှရ တော့မယ်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲဟာ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ် သာ ဖြစ်ပါတယ်။ ဘယ်သူပဲနိုင်နိုင်၊ ဘယ်သူပဲရှုံးရှုံး နိုင်သူရှုံးသူ အားလုံးပြုံးပြီး တိုင်းပြည်အတွက် ကောင်းအောင်လုပ်မှ ဖြစ်တော့မယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

သင့်မဲဖြင့် ကိုယ်စားလှယ်ကောင်းများကို မွေးထုတ်နိုင်ပါစေ။

သင့်မဲဖြင့် အစိုးရကောင်း တစ်ရပ်ထွက်ပေါ်လာပါစေ။

သင့်မဲဖြင့် သင့်တိုင်းပြည် ကမ္ဘာ့အလယ်တင့်တယ်ပါစေ။

သင့်မဲဖြင့် သင့်တိုင်းပြည် စီးပွားတိုးတက်သာယာပါစေ။

သင့်မဲဖြင့် သင့်တိုင်းပြည် ကမ္ဘာတည်သရွေ့တည်ပါစေ။

သင့်မဲဖြင့် သင့်တိုင်းပြည် ငြိမ်းချမ်းပါစေ။

ထို့ကြောင့် သင်မဲမပေးဘဲ မနေပါနှင့်၊ သင့်တိုင်းပြည်အတွက် သင့်မှာ တာဝန်ရှိပါတယ်။

ကျွန်ုပ်တို့ပါတီ၏ ဟောပြောချက်ကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။