Skip to main content

ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

 

နေပြည်တော်  စက်တင်ဘာ  ၃၀

ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီဥက္ကဋ္ဌ ဦးမင်းသူက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

လေးစားမြတ်နိုးရပါသော ကျေးဇူးရှင်တောင်သူလယ်သမားများနှင့် လုပ်သားပြည်သူမိဘအပေါင်းတို့ခင်ဗျာ ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာ အထိ ကိုယ်စိတ်နှစ်ပါးရွှင်လန်းနိုးကြား ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ခင်ဗျား။

ကျွန်တော်ကတော့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစု ပါတီဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးမင်းသူ ဖြစ်ပါတယ်။

ကျွန်တော် ပထမဆုံး ကျေးဇူးတင်စကားပြောကြားလိုတာကတော့ ကျေးဇူးရှင်လယ်သမားဦးကြီးများ စိုက်ပျိုး သော ဆန်ကိုစားပြီး ပါတီဥက္ကဋ္ဌ ဖြစ်လာခြင်းနှင့် နိုင်ငံရေးတွင် လူငယ်များ ရွပ်ရွပ်ချွံချွံ ပါဝင်ခွင့်ရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး၊ နိုင်ငံတော်သမ္မတကြီး နှင့်အတူ ကျွန်တော်တို့ပါတီ၏ အမှတ်တံဆိပ်အဓိပ္ပာယ်နှင့် မူဝါဒသဘောထား လုပ်ငန်းစဉ်များကို တင်ပြခွင့်ပေးထားသော ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ ရုပ်မြင်သံကြားဝန်ထမ်းများအားလုံးနှင့် နားသောတဆင်ပေးသော မိဘပြည်သူ မဲဆန္ဒရှင် အပေါင်း တို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလို ပါတယ်ခင်ဗျား။

ကျွန်တော်တို့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီကို (၂၉-၄-၂၀၁၅) ရက်နေ့တွင် တည်ထောင်ခွင့်လျှောက်ထားပြီး (၄-၈-၂၀၁၅) ရက်နေ့တွင် ပါတီမှတ်ပုံတင်အမှတ် (၉၉)ဖြင့် ပါတီတည်ထောင်ခွင့် ရရှိ ပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများ ခင်ဗျာ

ပါတီအမည်မှာ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ ဖြစ်ပါတယ်။ အင်္ဂလိပ် ဘာသာစကား အားဖြင့် Union Farmar-Labour Force ပါတီဟု ခေါ်တွင်စေရမည် ဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်း နေထိုင်ကြကုန်သော လယ်သမား အလုပ်သမားများ အစဉ် အေးချမ်း သာယာရေးအတွက် အစိုးရ အဆက်ဆက်နှင့် စုပေါင်းညီညာလက်တွဲကာ အင်အားယူပြီး စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်လာရေးကို အဓိကထားကာ မြန်မာ့လယ်သမား အလုပ်သမားကို ကမ္ဘာကသိရှိပြီး အလေးထားလာစေရန် ရည်သန်ပါတယ်။

အနီရောင်နောက်ခံထားပြီး၊ အရွယ်တူကြယ်ဖြူ(၁၄)လုံးနှင့် ပင်နယန်စက် သွား၏ အလယ်တွင် အစိမ်း ရောင်စက်ဝိုင်းအတွင်း ပြုံးရွှင်တက်ကြွနေသောမျက်နှာဖြင့် တံစဉ်ကိုင်ကာစပါးရိတ်သိမ်းနေသော လယ်သမား ပုံကို အသိ အမှတ်ပြု ရေးဆွဲထားပါတယ်။

(က) အနီရောင်နောက်ခံသည် လယ်သမားအလုပ်သမားအပေါင်းတို့၏ သွေးသည်ရဲရင့်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိမည့်စိတ်ဓာတ်ကို ရည်ညွှန်းပါတယ်။

(ခ) အရွယ်တူကြယ်ဖြူ(၁၄)လုံးသည် တိုင်းနှင့်ပြည်နယ်(၁၄)ခုတို့ အား ကိုယ်စားပြုပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အဆင့်အတန်းမခွဲခြားဘဲ တန်းတူရည်တူရှိမှုကိုဖော်ညွှန်းပါတယ်။

(ဂ) ပင်နယန် စက်သွားသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အလုပ်သမားထုကြီးကို ရည်ညွှန်းပါတယ်။

(ဃ) အစိမ်းရောင်အဝိုင်းသည် ပြည်ထောင်စုလယ်သမားအလုပ်သမားများ၏ စွမ်းအားဖြင့် နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်ညွှန်းပါတယ်။

(င) ပြုံးရွှင်တက်ကြွနေသောလယ်သမားကြီး၏ ပုံသည် ရန်သူမျိုးငါးပါး မည်သို့ပင်ကျရောက်ပါစေ၊ ပင်ပန်း ဆင်းရဲခံနေရမှုကို သားသမီး တို့အား အသိမပေးဘဲအပြုံးဖြင့် အစဉ်လုပ်ကျွေးနေမည်ဟူသော ဖခင်ကောင်း၏ စိတ်ဓာတ်ကို ရည်ညွှန်းပါတယ်။

(စ) တံစဉ်ကိုင်ကာ စပါးရိတ်သိမ်းနေဟန်သည် လယ်သမား အလုပ် သမားအင်အားဖြင့် နိုင်ငံအတွင်း စားနပ် ရိက္ခာထာဝရဖူလုံရေး အတွက် အားကြိုးမာန်တက် အစဉ်ကြိုးစားနေမည်ဟု ရည်ညွှန်း ပါတယ်။

(ဆ) တံစဉ်ကိုင်ဆောင်သောလယ်သမားအပေါင်းတို့၏လက်နှင့် အလုပ် သမားထု၏လက်သည် တိုင်းတစ်ပါးမှ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးစော်ကားလာပါက တပ်မတော်နှင့်အတူ နိုင်ငံတော်ကို ကာကွယ်ရန် ဟူသော အမျိုးသားရေးစိတ်ဓာတ်ကို ရည်ညွှန်းပါတယ်။

ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ သုံးစွဲသည့်အလံ နှင့် တံဆိပ်မှာ အတူတူပင် ဖြစ်ပါတယ်။

ပါတီ၏ မူဝါဒသဘောထားအားဖြင့် -

ကျွန်ုပ်တို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် တိုင်းနှင့် ပြည်နယ် ၁၄ ခုအတွင်းမှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅)မျိုးရှိပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် တည်ဆောက် ထားသော နိုင်ငံတော်ကြီး ဖြစ်ပါတယ်။ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီးကို တိုင်းရင်း သားအားလုံး ပိုင်ဆိုင်ကြသကဲ့သို့ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ သွေးစည်းညီညွတ်မှုကို အခြေပြုရပ် တည် ဖွဲ့စည်း ထားသော နိုင်ငံတော်ကြီးဖြစ်ပါတယ်။ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ပြည်ထောင်စု နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာတွင် မြန်မာနိုင်ငံ၏ ကျေးလက်နေသော လယ်သမား အလုပ် သမားများ၏ လူနေမှု ဘဝ တိုးတက်မြင့်မားရေးအတွက် စက်မှုလယ်ယာစနစ်သို့ မြှင့်တင်ရေး၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်အောင် ပိုမိုဆောင်ရွက်ရေးနှင့် မြို့ပေါ်နေ အလုပ်သမားလူတန်းစားများ၏ ဘဝ တိုးတက်မြင့်မားရေးကို အခြေပြုလျက် ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီကို ဖွဲ့စည်း တည်ထောင် လိုက်ခြင်း ဖြစ်ပါတယ်။

ပါတီကို အမည်ပေးရာတွင် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတော် ဖြစ်သလို လယ်သမားအလုပ်သမား ဖြစ်နေကြပါတယ်။ သို့ဖြစ်ပါ၍ တိုင်းရင်း သား လယ်သမား၊ အလုပ်သမားအပေါင်းတို့၏ အင်အားနှင့် စုစည်းပြီး ခေတ် အဆက်ဆက် တက်လာမည့်အစိုးရနှင့် လက်တွဲညှိနှိုင်းကာ ပြည်ထောင်စု ကြီး အေးချမ်းသာယာရေးကို ရှေးရှုလျက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁)၊ အပိုဒ်(၂၁)(က)အရ နိုင်ငံသားတိုင်း၊ တန်းတူအခွင့် အရေးရ ရှိရေးနှင့် အခန်း(၈)နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အပိုဒ် ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည် ဖြစ်ပါတယ်။ ထို့အပြင် ဥပဒေ၏ အကာ အကွယ်ကိုလည်း တန်းတူ ညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်နှင့်အညီ ရည်ရွယ်ပြီး “ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံရေးဆိုင်ရာမူဝါဒအားဖြင့် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ကျူးကျော်လာပါက တံစဉ်ကိုင်ကာ ပြည်သူ များအား အလုပ်အကျွေးပြုနေသော လယ်သမား အလုပ်သမား၏ လက်သည် တပ်မတော် နှင့် အတူယှဉ်တွဲတိုက်ပွဲဝင်ရန် အသင့် အနေအထားဖြင့် ရပ်တည်မည်။

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပွင့်လင်းမြင်သာသော လူ့အဖွဲ့အစည်းအား အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ဒီမိုကရေစီစနစ်ကို အခြေခံသည်နှင့်အညီ အချုပ်အခြာအာဏာ သည် ပြည်သူ့ လက်ဝယ်သို့ ရောက်ရှိရေးကို အလေးထားရပ်တည် မည်။

(ဂ) အမျိုးသားသင့်မြတ်ပေါင်းစည်းရေးအတွက် နိုင်ငံတော်၏ လွတ်လပ်ရေးသက်တမ်းနှင့်အမျှ တွေ့ကြုံခဲ့ရသည့် ပြည်တွင်း ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် အမျိုးသားရေး အမြော်အမြင် အပေါ် အခြေခံသည့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးအဖြေရှာပြီး ပြည်ထောင်စုဖွားတိုင်းရင်းသား လယ်သမားအလုပ်သမားတို့၏ အင်အားဖြင့် အမျိုး သားရေးကို သစ္စာမဖောက်ဘဲ အမျိုးသား အကျိုးစီးပွားကို အစဉ်ကာကွယ် စောင့်ရှောက်သွားခြင်းဖြင့် ရပ်တည်မည်။

(ဃ) ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသည့် ပြည်နယ်များအား စုပေါင်းတည်ထောင်သည့် ပြည်ထောင်စုကြီးအဖြစ် တိုင်းရင်းသားလူမျိုးစုများ၏ လိုလား ချက်ကို ဖြည့်ဆည်း ပေးရမည်ဟု အလေးအနက် ရပ်တည်မည်။

ဥပဒေရေးရာမူဝါဒအားဖြင့် -

ဥပဒေပြဋ္ဌာန်းရေးသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အဓိက ဖြစ်ပါတယ်။ ထို့ကြောင့် ဥပဒေအထက် မှာ မည်သူမှမရှိစေရဘဲ ဥပဒေကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံသားအားလုံး က တန်းတူလက်ခံကျင့်သုံးမှသာလျှင် တရားဥပဒေစိုးမိုးမည် ဖြစ်ပါတယ်။ လယ်သမားများအတွက် လယ်ယာ မြေလုပ်ကိုင်ခွင့်ဥပဒေနှင့် လယ်သမား မြေသိမ်းဆည်းမှုတွင် ဥပဒေနှင့်အညီ ရှိရမည် ဖြစ်ပါတယ်။

အလုပ်သမားများအတွက် လုပ်ခ လစာ ထိုက်ထိုက်တန်တန် ရရှိနိုင်ရန် ဥပဒေပြဋ္ဌာန်းရေးနှင့် လုပ်ငန်းခွင်အတွင်း ပျက်စီးဆုံးရှုံးခံလိုက်ရသော အလုပ်သမားတစ်ဦး၏ ကိုယ်လက်အင်္ဂါချို့ယွင်းမှုအတွက် ထိုက်တန်သော ထောက်ပံ့မှုများရရှိနိုင်ရေးနှင့် အလုပ်သမားများအတွက် ဥပဒေနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုပေးနိုင်သော အလုပ်သမားရေးဝန်ကြီးများ ပေါ်ပေါက် လာရေးကို ဆောင်ရွက်မည်ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံသားတိုင်းသည် တရားဥပဒေ စိုးမိုးရေးကိုလက်ခံပြီး ဥပဒေ၏ အကာအကွယ်ကို အပြည့်အဝရရှိခံစားနိုင် စေရန် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးဆိုင်ရာများကို ဖွံ့ဖြိုးမှုနောက်ကျ သည့် ကျေးလက်ဒေသများတွင် နောင်တက်လာမည့်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။ အောင်မြင်သည် မအောင်မြင်သည် ဆိုခြင်းမှာ နောင်တက်လာမည့် အစိုးရ၏ အရည်အချင်းနှင့် ပြည်သူအပေါ် ထားသည့် စေတနာပေါ်တွင်လည်း မူတည်ပါတယ်ဟု ပြောကြားလိုပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

ကျွန်တော်တို့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ၊ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် တွင် ကျွန်တော်ကိုယ်တိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်ပြီး အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)အဖြစ် (၄)နေရာ၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)အဖြစ် (၂)နေရာ၊ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)တစ်နေရာ ပြည်သူများအတွက် ဝင်ရောက်အရွေးချယ်ခံသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်ဟာ ရိုးသားကြိုးစားသော လယ်သမား အလုပ်သမားများနှင့် နိုင်ငံတည် ထားခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတော်၏ အလုပ်သမား လယ်သမားတွေဟာ ကောင်းကင်မှာရှိသော ကြယ်ပွင့်များနှင့် တူပါတယ်။ ကြယ်ပွင့်တွေဟာ နေရောင်ခြည်ရဲ့ စွမ်းပကားနှင့် ညအခါမှာ အလင်းပြန်ပေးနိုင် တာပါ။ သို့ဖြစ်ပါ၍ လယ်သမားအလုပ်သမားများအား နေရောင်ခြည်ကဲ့သို့ မေတ္တာဖြင့် ဖွံ့ဖြိုးတိုးတက်မှုပေးစွမ်းနိုင်သော နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်သုံးရပ်မှ ဥက္ကဋ္ဌများမှ စွမ်းစွမ်းတမံ ဆောင်ရွက် ပေးမှသာလျှင် ဆင်းရဲသားလယ်သမား အလုပ်သမားများမှလည်း နိုင်ငံတော်သို့ အလင်းခွန်အား ပြန်လည်ပေး ဆောင်နိုင်မှာဖြစ်ပါတယ်။

သို့ဖြစ်ပါသောကြောင့် ကျွန်တော်တို့ပါတီမှ လယ်သမားအလုပ်သမားကို ကိုယ်စားပြုသော စပါးရိတ်သိမ်းနေဟန် လယ်သမားဦးကြီးပုံနှင့် ပင်နယန် စက်သွားပုံကို အလံပေါ်သို့ တင်ပေးထားပါတယ်။ လယ်သမားအလုပ်သမား ဦးကြီးများကလည်း မြင့်တယ်ထင်ပြီး အလံပေါ်မှခုန်မချကြဖို့ တိုက်တွန်း ပြောကြားရင်း လာမည့်ရွေးကောက် ပွဲကြီးတွင် နိုင်ငံသားအားလုံး၏ ဘဝများ ဥပဒေနှင့်အညီ တန်းတူအခွင့်အရေး ရရှိပြောင်းလဲစေဖို့အတွက် လယ်သမား ဦးကြီး၏ပုံနှင့် အလုပ်သမားတံဆိပ်ကို နှလုံးသားမှာဆင်မြန်းကာ မဲပေးကြမှသာလျှင် လွှတ်တော်အတွင်း ရွပ်ရွပ်ချွံချွံ၊ ရဲရဲရင့်ရင့်ဖြင့် တင်ပြဆွေးနွေးနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များ ပေါ်ပေါက်လာမည် ဖြစ်ပါတယ်။

လာမည့်ရွေးကောက်ပွဲကြီးတွင် ကျွန်တော်တို့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီအား မဲပေး ရပ်တည်ခြင်းအားဖြင့် အခြေခံ လူတန်းစား လယ်သမားအလုပ်သမား တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့အား ဥပဒေနှင့်အညီ တန်းတူအခွင့်အရေးပေး ဆောင်ရွက်နိုင်သော အစိုးရတစ်ရပ် ပေါ်ထွန်းလာစေရန် ကျွန်ုပ်တို့ ပါတီနှင့်အတူ လက်တွဲရွေးချယ် နိုင်ပြီး ဆန္ဒနဲ့ဘဝများထပ်တူကျကာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျား။