နေပြည်တော် ဇန်နဝါရီ ၁၅
ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် ဆီးကျောက်ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသည့် အကျဉ်းသားမျိုးမင်းဦးသည် ထောင်ကျနေစဉ်အတွင်း လုံလောက်သည့်အခြေခံကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းကြောင့် သေဆုံးသွားသည်ဟု Khit Thit Media အမည်ခံ Facebook Page က မဟုတ်မမှန် သတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
အဆိုပါအကျဉ်းသားသည် အကျဉ်းထောင်ဆရာဝန်နှင့် ကျန်းမာရေးမှူးတို့၏ အနီးကပ်ကြပ်မတ်ကုသပေးခြင်း၊ ပဲခူးခရိုင်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ၏ အချိန်ပြည့်ကြပ်မတ်ကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများကို အကျဉ်းထောင်ဆေးရုံမှ အချိန်မီစီမံဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ခံစားနေရသောရောဂါဖြင့် သေဆုံးခြင်းသာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝမပေး၍ သေဆုံးခဲ့ခြင်းမျိုးမဟုတ်ကြောင်း သိရသည်။
ဖြစ်စဉ်အမှန်မှာ အကျဉ်းသားမျိုးမင်းဦးသည် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ဆေးရုံအုပ်၏ ကျန်းမာရေးစစ်ဆေးချက်အရ နာတာရှည်ကျောက်ကပ်ရောဂါနှင့် သွေးအားနည်းရောဂါခံစားနေရကြောင်းတွေ့ရှိသဖြင့် ယင်းနေ့မှစတင်၍ အကျဉ်းထောင်ဆေးရုံတွင် တက်ရောက်စေပြီး အကျဉ်းထောင်ဆရာဝန်များက ဆေးဝါးကုသပေးခဲ့သည့်အပြင် ပိုမိုထိရောက်ကောင်းမွန်သော ဆေးကုသမှုခံယူနိုင်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီခွဲတွင် ပဲခူးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသပေးခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံကြီး ရှိ ဆရာဝန်များက ဆေးဝါးကုသပေးခဲ့သော်လည်း ဆေးရုံတက်ကာလ ၁၆ ရက်အကြာ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ခံစားနေရသောရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးမကောင်းသည့် အကျဉ်းသားများကို အကျဉ်းထောင်ဆရာဝန်၊ ကျန်းမာရေးမှူးများဖြင့် ဆေးဝါးကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများကိုလည်း အချိန်မီဝယ်ယူဖြည့်တင်းပေးခြင်းတို့ဖြင့် ဆေးကုသမှုပေးလျက်ရှိပြီး မိသားစုဝင်များက အကျဉ်းသားအတွက် လာရောက်ပေးအပ်သည့် ဆေးဝါးများကို အကျဉ်းထောင်ဆရာဝန်က စိစစ်လက်ခံ၍ သောက်သုံးစေလျက်ရှိသည့်အပြင် ပြင်ပပြည်သူ့ဆေးရုံကြီးသို့ ပြသ/တင်ပို့ကုသရန် လိုအပ်သူများကို အချိန်နှင့်တစ်ပြေးညီ ပြသ/တင်ပို့ ကုသပေးလျက်ရှိသဖြင့် Khit Thit Media အမည်ခံ Facebook Page ၏ သတင်းရေးသားဖော်ပြမှုသည် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဝါဒဖြန့်ရေးသားဖော်ပြခြင်းသာဖြစ်သည်။
သစ္စာ