နေပြည်တော် စက်တင်ဘာ ၃၀
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) အပေါ် ဦးစားပေး လုပ်ငန်း အစီအစဉ်ဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်း စီမံချက်ရေးဆွဲရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လူငယ် ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများနှင့် UNFPA Myanmar မှ ကိုယ်စား လှယ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာစီမံချက်ကို ဩဂုတ် ၂၀ ရက်တွင် အတည်ပြုနိုင်ခဲ့ပါကြောင်း၊ မူဝါဒပါ အဓိက ကဏ္ဍ(၁၆)ရပ်အနက် ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်း ဖြစ်မှုကဏ္ဍကို ဦးစားပေးအကောင်အထည်ဖော်ရန် ရွေးချယ် ထားရှိပါကြောင်း၊ ယင်းကဏ္ဍတွင် လူ့အခွင့်အရေး၏ တန်ဖိုးများ၊ ဒီမိုကရေစီစံနှုန်းများနှင့် ဖက်ဒရယ် သဘော တရားများကို လူငယ်များ နားလည်၊ ကျင့်သုံးနိုင်စေရေး အားပေးမြှင့်တင်ရန်၊ နိုင်ငံ့သားကောင်း လူငယ်များ ဖြစ်လာစေရေး အတွက် လေ့ကျင့်ပျိုးထောင်သည့် အစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လူငယ်များ ၏ စေတနာ့ဝန်ထမ်းနှင့် ပရဟိတစိတ်ဓာတ်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန်၊ အထောက်အကူပေးရန်နှင့် ဝန်ထမ်းလူငယ်များကို ထိုက်သင့်သော လစာ၊ စွမ်းရည်မြှင့်တင်မှုအစီအစဉ်များနှင့် အကျိုးခံစားခွင့် ရရှိစေပြီး အလုပ်ကို ဂုဏ်ယူမြတ်နိုးစိတ်နှင့်တာဝန်ယူမှု၊တာဝန်ခံမှု၊စိတ်ဓာတ်များ ပျိုးထောင်မြှင့်တင် ပေးခြင်းဖြင့် အဂတိ လိုက်စားမှုများကို ဆန့်ကျင်တိုက်ဖျက်ရန်စသော လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
လူငယ်များ၏စေတနာ့ဝန်ထမ်းနှင့် ပရဟိတစိတ်ဓါတ်ဖွံ့ဖြိုးမှုသည် လက်ရှိတွင်လည်း အခြေအနေ တစ်ရပ်ကို ရရှိနေပြီဖြစ်ပြီး လူငယ်များ အားလုံးပါဝင်လာရန် လိုအပ်နေပါသေးကြောင်း၊ ပံ့ပိုးကူညီမှု များလည်း ပြုရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ လူငယ်မူဝါဒအရ လူငယ်ဝန်ထမ်းများလည်း အကျုံးဝင်ပါကြောင်း၊ ဝန်ကြီး ဌာန များရှိ လူငယ်ဝန်ထမ်များ၏ ရိုးသားမှု၊ ကြိုးစားမှုနှင့် စွမ်းဆောင် ရည်ကို မြှင့်တင်ပေး သကဲ့သို့ တာဝန်ခံမှု၊ တာဝန်ယူမှု စိတ်ဓါတ်များ ကိုလည်း မြှင့်တင်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများ ကို ဆန့်ကျင် တိုက်ဖျက် နိုင်မည်ဖြစ်ကြောင်း၊ ရသင့်သည့်အခွင့်အရေးများကိုလည်း အပြည့်အဝ ရရှိစေရန် လိုအပ်ကြောင်း၊ အနာဂတ် အတွက် အမွေကောင်းများကိုခံယူခြင်း ဆက်လက် လက်ဆင့်ကမ်းပေးနိုင်ခြင်းများ ရရှိရန်ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလ တွင် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းများကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာခြင်း မရှိစေရန် ကိုဗစ်-၁၉ နှင့်ယှဉ် တွဲပြီး အစီအစဉ်များကို ချမှတ်ထားရှိရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့ အစည်း များ၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူငယ်များအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ COVID – 19 ရောဂါပြန့်နှံ့မှု ဖြစ်ပွားဆဲကာလတွင် မိမိတို့နေအိမ်မှ ပါဝင် ဆောင်ရွက်နိုင်မည့်အစီအစဉ်များကို ဦးစားပေး ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ရာ နည်းပညာအပါအဝင် ပူးပေါင်းဆောင်ရွက်ရမည့် လိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးကြ ရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်သူ့နီတိနှင့် နိုင်ငံ့ သားကောင်းဖြစ်မှု ကဏ္ဍနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့် ဘဏ္ဍာငွေလျာထားမှုများကို တင်ပြ ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေးတွင် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက် ၂၀၂၀-၂၀၂၄ အပေါ် လုပ်ငန်းစီမံချက်ရေးဆွဲရေး လုပ်ငန်း ညှိနှိုင်းအစည်း အဝေးဖြစ် ပါကြောင်း၊ လက်ရှိအခြေအနေအရ Online စနစ်ဖြင့် ဆောင်ရွက်ရာတွင် ပိုမိုအကျိုးရှိ ထိရောက်မည့် နည်းလမ်း များ ဖော်ထုတ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ချိတ်ဆက် ဆောင်ရွက်ရမည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် UNFPA Myanmar တာဝန်ရှိ သူများက လူငယ် ရေးရာ ကော်မတီဝင်များ၊ လူငယ်များနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆွေးနွေး ညှိနှိုင်းမည့် အစီအစဉ်များ၊ အလုပ်ရုံ ဆွေးနွေး ပွဲများ၊ အမေးအဖြေကဏ္ဍများ၊ Application ရေးဆွဲဆောင်ရွက်ထားရှိမှုများနှင့် ဦးစားပေး အကောင် အထည်ဖော်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဦးစား ပေး အစီ အစဉ်များအလိုက် အွန်လိုင်းစနစ်ဖြင့် စနစ်တကျ အချိန်ကာလသတ်မှတ်၍ နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)