Skip to main content

ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများ ပံ့ပိုးမှုအခြေအနေများနှင့် Global Fund ထောက်ပံ့ ငွေဖြင့် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် (၂၀၂၁-၂၀၂၃) ခုနှစ် အထိ သဘောတူညီချက်လက်မှတ် ရေးထိုးရေးကိစ္စများဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ ၃၀

UNOPS အဖွဲ့မှ ဝန်ကြီးဌာန၏ COVID-19 တုံ့ပြန်ဆောင်ရွက်ရေး ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ ပံ့ပိုးမှု အခြေအနေ၊ Global Fund ထောက်ပံ့ငွေဖြင့် တီဘီ၊ ခုခံကျ/ကာလ သားနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေး အတွက် (၂၀၂၁-၂၀၂၃) ခုနှစ် အထိ   သဘောတူညီ ချက်လက်မှတ် ရေးထိုးရေးကိစ္စများနှင့် စပ်လျဉ်းသည့် ဆွေးနွေး ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ နှင့် အခြား ပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့သော ဘဏ္ဍာ‌ငွေကို အသုံးပြု၍ ဆေးနှင့်ဆေး ပစ္စည်းများ ဝယ်ယူရာ၌ ကူညီဆောင်ရွက်ပေးသည့် UNOPS အဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်း၊ အရည်အသွေး ပြည့်မီသော ဆေးနှင့် ဆေးပစ္စည်းများ အချိန်မီဝယ်ယူဖြန့်ဖြူးရေးနှင့် စီမံခန့်ခွဲရေးစနစ်သည် ဤ ရောဂါထိန်းချုပ်ရာ၌ အ‌ရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ဝန်ကြီး ဌာန အနေဖြင့် ရရှိသော ရန်ပုံငွေ၊ ထောက်ပံ့ငွေ၊ ဆေးနှင့်ဆေးပစ္စည်းများကို အကျိုးရှိ ထိရောက်စွာ အသုံးချ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအခါဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှု သတင်းအချက်အလက် စာမျက်နှာ (dashboard) ကိုလည်း ဗဟိုနှင့် ဆေးရုံကြီးများ၌ တည်ထောင်ထားရှိပြီး ဖြစ်သဖြင့် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု နည်းပါး သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ dashboard တွင် ဆေးရုံအသီးသီးမှ ဆေးလက်ကျန်စာရင်းများကို ပုံမှန်ဖြည့် သွင်းကာ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူ ဖြန့်ဖြူးရေးတာဝန်ရှိသူများက လိုအပ်သည့်နေရာများသို့ ကြိုတင် တွက်ချက် ပေးပို့လျက်ရှိ ပါကြောင်း၊ ဤစနစ် ယခုထက်ပိုမိုကောင်းမွန်ရန် ကြိုးစားလျက်ရှိပါကြောင်း။

 UNOPS မှ ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူ၊ ထောက်ပံ့၊ ဖြန့်ဖြူးရေး ကျွမ်းကျင်သူများနှင့် မိမိတို့ ကျွမ်းကျင် ဝန်ထမ်း များပူးတွဲ၍ လက်ရှိကျင့်သုံးနေသာ ဝန်ကြီးဌာန၏ ဆေးနှင့်ဆေး ပစ္စည်းကိရိယာ ဝယ်ယူ ဖြန့်ဖြူးရေးစနစ်နှင့် ရရှိသော အရင်းအမြစ်များ စီးဆင်းအသုံးချမှု (resource flow)ကို ခြုံငုံသုံးသပ်မှုများ ပြုလုပ်စေလိုပါကြောင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများပေးခြင်းနှင့် ကျွမ်းကျင်မှု ပိုင်းဆိုင်ရာပံ့ပိုးမှုများ ပေးအပ်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်စေ လိုပါကြောင်း၊ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများသည် တစ်နေ့တစ်ခြားအမျိုးအမည် ပိုမိုများ ပြားသဖြင့် ဆေးနှင့် ဆေးပစ္စည်း ကိရိယာအမျိုးမျိုးအတွက် အရည်အသွေး၊ အမျိုးအစားသတ်မှတ်ချက်များ (specification bank)ကို မိမိတို့ဝန်ကြီးဌာနက ပြုလုပ်လျက်ရှိသည်များကို ပံ့ပိုးဆောင်ရွက်စေလိုပါ ကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား နေချိန်တွင် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျား ရောဂါ ဖြစ်ပွားသူများ အပါအဝင် အခြားသော ရောဂါအမျိုးမျိုးဖြစ်ပွားသူများ ဆေးကုသမှုခံယူရန်နှင့် ဆေးဝါးပြတ်လပ်မှု မရှိစေရေး လုပ်ငန်းများ သည် အထူးအရေးကြီးပါကြောင်း၊ သေချာစွာမကိုင်တွယ် နိုင်ပါက ကိုဗစ်-၁၉ ပြီးနောက် ဤရောဂါ (၃) မျိုး ဖြစ်ပွား၊ သေဆုံးမှုများ မြင့်တက်လာနိုင် သည်ဟူသောအချက်ကို ကြိုတင်ခန့်မှန်းမိသဖြင့် လိုအပ်သည်များကို မိမိတို့ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ ကိစ္စရပ်များအတွက်လည်း မြန်မာနိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ဆေးနှင့်ဆေးပစ္စည်း (၈၇) မျိုးအား ဝယ်ယူပေးသည့်အတွက် မိမိတို့များစွာအဆင်ပြေပါကြောင်း၊ ကျန်ရှိသော အထူး ကြပ်မတ် ကုသ ဆောင်သုံး အသက်ရှူစက် (ICU Ventilator) (၉၅) ခုအား အမြန်ရရှိရန် ဆောင်ရွက် ပေးစေလို ပါကြောင်း၊ ယနေ့ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ဝန်ကြီးဌာနနှင့် UNOPS တို့အကြား ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုဆိုင်ရာ တွေ့ရှိရ သည့် အားနည်းချက်များနှင့် အားသာချက်များအား ပွင့်လင်းစွာ ဆွေးနွေးစေလိုပါကြောင်း ပြောကြား သည်။

ထို့နောက် UNOPS ဒေသဆိုင်ရာရုံးမှ Programme Director  ဖြစ်သူ Dr. Attila Molnar က ယခင် Global Fund ရန်ပုံငွေများ အနက်မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ (၇ ဒသမ ၁) သန်းကို သုံးစွဲရန် သဘောတူညီခဲ့မှု၊ ထို့အပြင် Global Fund ၏ ရန်ပုံငွေစနစ်သစ်ဖြင့် C19RM ပံ့ပိုးမှုအောက်မှ အမေရိကန်ဒေါ်လာ (၁၈) သန်းကိုလည်း ထပ်မံပံ့ပိုးရန် သဘော တူညီခဲ့မှု၊ အဆိုပါပံ့ပိုးငွေများဖြင့် ဝယ်ယူထားသည့် ဆေးနှင့်ဆေးပစ္စည်းများ စာရင်းကို တင်ပြခြင်း၊ Global Fund ၏ ရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု၊ Global Fund ၏ ရန်ပုံငွေထောက်ပံ့မှု (၂၀၂၁-၂၀၂၃) အတွက် ကြိုတင် ပြင်ဆင် ထားရှိမှု၊ Global Fund ၏ ရန်ပုံငွေထောက်ပံ့မှု သဘောတူညီချက်အား ယခုနှစ် ဒီဇင်ဘာလ တွင် လက်မှတ်ရေး ထိုးသွားရန် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ရသည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် နိုင်ငံတကာမှ ဆေးနှင့်ဆေးပစ္စည်း အများ ပြားဝယ်ယူလျက်ရှိ သောကြောင့် ဆေးနှင့်ဆေးပစ္စည်းများပံ့ပိုးရေးအတွက် ဝယ်ယူရာတွင် ကြန့်ကြာမှုများ ရှိခဲ့ပါ ကြောင်း၊ ယခု အသွားအလာကန့်သတ်သည့် ကာလ၌ ဆေးနှင့်ဆေးပစ္စည်းများကို တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုမှ တစ်ခုသို့ပို့ဆောင်ရာတွင် ပို့ဆောင်သွားလာခွင့်ရရှိစေရေးကို ဆောင်ရွက်ပေး စေလိုပါ ကြောင်း၊ RT PCR နည်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးရာတွင် အသုံးပြုရသည့် ဓာတ်ခွဲပစ္စည်းများသည် ရရှိနိုင်မှု အခြေအနေ အကန့်အသတ်ရှိသဖြင့် ယခုအခါ မြန်မာနိုင်ငံတွင် Antigen Test Kit ကို အသုံးပြု စစ်ဆေးနေခြင်းသည် ကောင်းမွန် ပါကြောင်း၊ ကျန်ရှိသော ရန်ပုံငွေများဖြင့် Antigen Test Kit များ ဝယ်ယူလိုပါက ဝယ်ယူပေး မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်အောင်မြင်နေသည့်အပြင် ပေးပို့သော စီမံကိန်းအဆိုပြုလွှာများမှ အရည်အသွေး ပြည့်မီသည်ကို တွေ့ရှိရသဖြင့် မိမိတို့ UNOPS မှဂုဏ်ယူပါ ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် UNOPS အပါအဝင် မိတ်ဖက် အဖွဲ့အစည်း များ၊ အလှူရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှု ကောင်းမွန်ရန် အတွက် ဆောင်ရွက်ပေးလျက်ရှိသည့် Myanmar Health Sector Coordinating Committee ၏ ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများအား ဆက်လက်ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြား သည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်ရာ တွင် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရန်အရေးကြီးသဖြင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် UNOPS မှ တာဝန်ရှိသူများ အနည်းဆုံး တစ်လတစ်ခါ Videoconferencing ဖြင့် ဆွေးနွေးမှုများ ပြုလုပ်သွားရန်လိုအပ်ပါကြောင်း၊ ဓာတ်ခွဲ နမူနာများအား Antigen Test Kit များ အသုံးပြု စစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်း (ရန်ကုန်) မှ RT-PCR စက်နှင့် ချိန်ထိုး၍ အဖြေရလဒ်တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအတွက် ဆေးနှင့် ဆေးပစ္စည်းများကို တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုမှ တစ်ခုသို့ပို့ဆောင်ရာတွင် ပို့ဆောင်ခွင့်များ ရရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအ နေဖြင့် ကုသရေးဦးစီးဌာန၏ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရန် ဘဏ္ဍာငွေကို ယခင်နှစ်က (၁၅၀) ဘီလီယံကျပ်မှ ယခုနှစ်တွင် (၃၀၀) ဘီလီယံကျပ်အထိ တိုးမြှင့်ခဲ့ပြီး  ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရန် ဘဏ္ဍာငွေကိုလည်း တိုးမြှင့်ချထားခဲ့ ပါကြောင်း၊ Global Fund ၏ ရန်ပုံငွေထောက်ပံ့မှု သဘော တူညီချက်အား ယခုနှစ်၊ ဒီဇင်ဘာလတွင် အချိန်မီလက်မှတ်ရေးထိုးသွားနိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ပတ်သက်၍ ဒုတိယညွှန်ကြား ရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ တာဝန်ရှိသူများနှင့် အသေးစိတ်ညှိနှိုင်းမှုများ လုပ်ဆောင် စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(သတင်းစဉ်)