နေပြည်တော် ဇန်နဝါရီ ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့ ဓမ္မိကာရာမတပ်ဦးကျောင်း ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် ကော့သောင်းမြို့ ဆလုံဘိုးဘွားရိပ်သာ၌ ကျေးရွာသူ ကျေးရွာသားများ၊ ဆလုံဘိုးဘွားများ နှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများအနေဖြင့် ရေလုပ်ငန်းကိုသာ အဓိကအသက် မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသည့်အတွက် လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနကလိုအပ်သည့် လုပ်ငန်းသုံး ပစ္စည်းများနှင့် အရင်းအနှီးရရှိရေး လိုအပ်သည်များပေးအပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အပ်ချုပ်စက်သင်တန်းအပါအဝင် လူသုံးကုန်နှင့် စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေးလိုအပ်သော သင်တန်းများကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆလုံရိုးရာပြခန်းများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာနှင့် လေးမိုင်အကွာရှိ ရေစုကန်မှကျေးရွာသို့ ရေပိုက်လိုင်းသွယ်တန်း ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဇာဒက်ကြီးကျေးရွာ ရေဆင်းတံတားတို့ကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ကော့သောင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ရုံး၌ ဦးစီးဌာနများမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်