နေပြည်တော် ဇန်နဝါရီ ၁၃
“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ” (၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄) ရှိ စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ်သည် ဝန်ထမ်းများအတွက် ရေရှည် ဆောင်ရွက်သွားရမည့်ကိစ္စဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်စနစ်ဖြစ်ပေါ်လာ စေရန်ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုအချိန်ထိ ဆောင်ရွက်ထားရှိမှုများအပေါ်အခြေခံ၍ ဆက်လက်ဆောင်ရွက်ရန် ကိစ္စများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ ရန်ပုံငွေစနစ် ကျင့်သုံးမည့်ပုံစံနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေကြမ်းဖြစ်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်၊ ဖြည့်စွက်ပြီး ပြန်လည်တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်း ဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် ထူထောင်ဆောင်ရွက်ရာတွင် နောက်ဆုံးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီဝင်များက အကြံပြုဆွေးနွေးကြသည်။
ယင်းနောက် အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်