နေပြည်တော် ဇန်နဝါရီ ၁၃
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၉ ရက်နံနက်က ပေကျင်းမြို့ရှိ ပေကျင်းစက်မှုတက္ကသိုလ် (Beijing Institute of Technology- BIT) သို့ရောက်ရှိခဲ့ပြီး ဒုတိယပါမောက္ခချုပ် Professor WEI Yiming၊ မဟာဌာနမှူးများ၊ ပါမောက္ခများနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် BIT ဒုတိယပါမောက္ခချုပ်က သက်တမ်း ၈၅ နှစ်အတွင်း သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်များတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပုံ၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအဆင့်တွင် ရပ်တည်နေမှုများ၊ စွန့်ဦးတီထွင် နယ်ပယ်တွင် ဂုဏ်သိက္ခာကြီးမားသောဆုများကို ရရှိမှုများနှင့် အခြားအချက်အလက်များကိုလည်းကောင်း၊ AI နှင့် EV ဆိုင်ရာ သင်တန်းအစီအစဉ်များ၊ သုတေသနအောင်မြင်မှုရလဒ်များ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တာဝန်ရှိသူများက ပါဝါပွိုင့်များဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် BIT ဒုတိယပါမောက္ခချုပ်တို့သည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး အစဉ်အလာကို ပိုမိုခိုင်မြဲစေလျက် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် ယခုနှစ်တွင် စိန်ရတုမှတ်တိုင်အဖြစ် အင်ဂျင်နီယာ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြပြီး နှစ်ဖက်ချစ်ကြည် ရင်းနှီးမှုအထိမ်းအမှတ်အဖြစ် အမှတ်တရ လက်ဆောင်များကို အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ အမျိုးသားအင်ဂျင်နီယာသုတေသနဌာန (National Engineering Research Center of Electric Vehicles) ၌ လေ့လာကြရာ တာဝန်ခံပါမောက္ခများက EV စင်တာကို စတင်တည်ထောင်ခဲ့သည့် ၁၉၆၀ ပြည့်နှစ်မှသည် အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာပုံ သမိုင်းကြောင်း၊ နိုင်ငံ၏နေရာဒေသ အသီးသီးရှိ EV များ၏ အားသွင်းမှုအခြေအနေများကို မြေပုံပေါ်ရှိတည်နေရာအလိုက် စောင့်ကြည့်သိရှိနေပုံများ၊ EV ကားစီးရေ သန်း ၂၀ ကျော်ကို အဆင့်အတန်း သတ်မှတ်ဆောင်ရွက်မှုများ၊ သုတေသန EV ကားမော်ဒယ်ကို ပြသထားမှုနှင့် သုတေသန EV ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သတင်းစဉ်