နေပြည်တော် စက်တင်ဘာ ၃ဝ
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၃) ဦးအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄)ရက် နှင့် နေအိမ်တွင် အသွား အလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍လည်း မလေးရှားနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသား ဖြစ်တည်မှုမှန်ကန်ကြောင်း အထောက်အထား များ စိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာ သံရုံး၊ ကွာလာလမ်ပူမြို့အနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ မလေးရှားနိုင်ငံမှ ယနေ့ထိ ကယ်ဆယ်ရေးလေယာဉ် (၁၇) ကြိမ်တိုင် ပျံသန်း ပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)