တာလေ ဇန်နဝါရီ ၁၂
လားဟူတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရှေးအစဉ်အဆက်က နှစ်သစ်ကူးပွဲတော်များကို ၎င်းတို့နေထိုင်ရာ တောင်ပေါ်၊ မြေပြန့် ဒေသအလိုက် နှစ်စဉ်အစဉ်အလာမပျက်ကျင်းပပြုလုပ်ရာ လားဟူနှစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု မော်ဝန်းကျေးရွာ၌ ဇန်နဝါရီ ၁၁ ရက်က ကျင်းပသည်။
ဦးစွာ နှစ်သစ်ကူးပွဲတော်ကို မော်ဝန်းကျေးရွာ၌ ကျင်းပရာ မိုင်းကိုးကျေးရွာအုပ်စုရှိ နမ့်တွန်၊ မေတွီ၊ နမ့်မွမ်း၊ ပါဆန်းနှင့် အောက်ကဘ ကျေးရွာအတွင်းရှိ တောင်ပေါ်နှင့် ကျေးရွာအသီးသီးတွင် နေထိုင်သော လားဟူတိုင်းရင်းသား လူငယ်မောင်မယ်အကအဖွဲ့များက အဖွဲ့လိုက် ရှေးရိုးရာဘူးပလွေမြေဝိုင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကျေးရွာလူငယ်မောင်မယ်များက သက်ကြီးဝါကြီးနှင့် အကြည်ညိုခံပုဂ္ဂိုလ်တို့အား ရိုးရာလက်ဆေးမင်္ဂလာကျင်းပကြသည်။
နှစ်သစ်ကူးပွဲတော်သို့ တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုမော်ဝန်းကျေးရွာ သူကြီး ဦးအာဗေလနှင့် နမ့်တွန်၊ မေတွီ၊ နမ့်မွမ်း၊ ပါဆန်းနှင့် အောက်ကဘကျေးရွာမှ သူကြီးများ ရွာသူ ရွာသားများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ဆင်နွှဲခဲ့ကြသည်။
အလားတူ အောက်မိုင်းဟဲကျေးရွာအုပ်စု ကနရွာ၌ ဇန်နဝါရီ ၁၀ ရက်က လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပရာ လားဟူတိုင်းရင်းသားများနှင့်အတူ အာခါ၊ ရှမ်း၊ ပလောင်စသည့် တောင်ပေါ်ကျေးရွာ ၂၇ ရွာမှ ဒေသခံတိုင်းရင်းသားများ စုပေါင်းဆင်နွှဲကြသည်။
လားဟူတိုင်းရင်းသားများသည် ရာသီနှစ်တစ်နှစ်တာအား တိရစ္ဆာန်အကောင် ၁၂ ကောင်တို့ဖြင့် သတ်မှတ်ထားရှိရာ ယခင်နှစ် ၂၀၂၄ ခုနှစ် ယုန်နှစ်မှ ယခုနှစ် ၂၀၂၅ ခုနှစ် ရှဉ့်နှစ်သို့ ကူးပြောင်းရောက်ရှိလာခဲ့ရာ တစ်နှစ်တာရာသီကာလအတွင်း ကျင်းပကြသည့် ပွဲတော်များထဲတွင် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို အထွတ်မြတ်ဆုံးနှင့် အကြီးအကျယ်ဆုံးပွဲတော်အဖြစ် သတ်မှတ်ထားရှိကြောင်း၊ ရှေးအစဉ်အဆက်က နှစ်သစ်ကူးပွဲတော်များကို နှစ်စဉ်နှစ်သစ်ကူးပွဲတော်များ မိမိတို့နေထိုင်ရာ တောင်ပေါ်၊ မြေပြန့်ဒေသအလိုက်ကျင်းပလေ့ရှိပြီး တစ်နှစ်တာကာလအတွင်း ရှာဖွေစုဆောင်းရရှိလာခဲ့သည့် ဥယျာဉ်ခြံမြေထွက် ဆန်၊ စပါး၊ အသီးအနှံများနှင့် ပစ္စည်းဥစ္စာများကို ဦးဦးဖျားဖျား စုပေါင်းပါဝင်လှူဒါန်းမှုပြုလုပ်ကာ နှစ်သစ်ကူးသစ်ပင် (ထင်းရှူးပင်)စိုက်၍ ဝက်ခေါင်း၊ ခေါပုတ်၊ ရိုးရာ အထိမ်းအမှတ်ဘူးပုလွေဖြင့် တီးမှုတ်၍ ထင်ရှားသော မြေဝိုင်းအကဖြင့် ဖျော်ဖြေကပြပြီး လူငယ်များက နှစ်ဟောင်းမှ အပြစ်များ ဝန်ချတောင်းပန်ခြင်း၊ အပြစ်လွှတ်ခြင်း၊ ရိုသေလေးစားဂါရဝပြုခြင်းဟူသော အဓိပ္ပာယ်ဖြင့် လေးစားဂါရဝပြုသောအားဖြင် လူကြီးမိဘ၊ ဆရာသမားတို့အား ဦးထိပ်ထား ရိုးရာလက်ဆေးမင်္ဂလာခံယူသော ပွဲတော်ကြီးတစ်ခုဖြစ်သည်။
ရိုးရာနှစ်သစ်ကူးပွဲတော်ကို လားဟူတိုင်းရင်းသား၏ ရိုးရာဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုအမွေတို့ကို တန်ဖိုးထားမြတ်နိုးစွာ ထိန်းသိမ်းခြင်း၊ နောင်လာနောက်သားများအား လိုက်နာဆောင်ရွက်လာတတ်စေရန်နှင့် စည်းလုံးညီညွတ်ခြင်းကို ပြသလိုခြင်း စသည်တို့ကြောင့် နှစ်စဉ် ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ လဆန်းရောက်လျှင် နှစ်သစ်ကူးပွဲတော်ကို နေရာအနှံ့စုပေါင်းပြီး ကျေးရွာအလိုက် ဆင်ယင်ကျင်းပလာကြောင်း သိရသည်။
မြင့်မိုရ် (တာချီလိတ်)