Skip to main content

စွန့်လွှတ်စွန့်စား သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ

တကယ်ပါခင်ဗျာ-

စာရေးသူရဲ့ရင်ထဲမှာ    မျိုသိပ်မထားနိုင်တော့လို့   ရင်ဖွင့်ချီးကျူးရေးသားဂုဏ်ပြုပါရစေ။

သိရှိကြသည့်အတိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ကြိုတင်ခန့်မှန်းသတိပေးထားသကဲ့သို့  ကိုဗစ် ဒုတိယလှိုင်းက ပထမလှိုင်းထက် ကူးစက်မှု ပိုမိုပြင်းထန် မြန်ဆန်လှသည်။ အန္တရာယ်များ လှပါပေသည်။

ပထမလှိုင်းမှာ သေဆုံးသူ  ခြောက်ဦးသာ  ရှိခဲ့သော်လည်း ဒုတိယလှိုင်းမှာ စက်တင်ဘာလ ၂၉ ရက်နေ့ အထိ သေဆုံးသူ ၂၈၄ ဦးရှိကြောင်း  သိရှိရပြီး ရခိုင် ပြည်နယ်ကစခဲ့သည့် ကိုဗစ်-၁၉ က လူနေထူထပ်သည့် ရန်ကုန်မြို့ မှာ ကူးစက်မှု ပိုမိုမြန်ဆန်များပြားလာရာမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ခရီးဆန့်နေပါပြီ။

တိုးချဲ့တည်ဆောက်

ရန်ကုန်မြို့တွင် နေ့စဉ်နှင့်အမျှ ကိုဗစ်ရောဂါကူးစက် ခံရသူများ တိုးတက်များပြားလာသည့် အတွက် လက်ရှိ ကန့်သတ်စောင့်ကြည့်စခန်းများ မလုံလောက်သဖြင့် စေတနာရှင်   အလှူရှင် များ၏ ပူးပေါင်းကူညီ လှူဒါန်းမှု များဖြင့် သုဝဏ္ဏအားကစားကွင်းအပါအဝင် နေရာ အတော် များများမှာ    ကန့်သတ်စောင့်ကြည့်စခန်းများ တိုးချဲ့တည်ဆောက် ပြင်ဆင်နေသည်ကိုလည်း  တွေ့မြင်နေရပါသည်။

ငွေကြေးတတ်နိုင်လျှင် တတ်နိုင်သလို၊ အလှူရှင်များပေါ်လာလျှင်  ပေါ်လာသလို ကန့်သတ် စောင့်ကြည့်  စခန်းများ တိုးချဲ့ဖွင့်လှစ်၊ ဆေးဝါးကိရိယာများ ဝယ်ယူ ဖြည့်တင်းနိုင်သော်လည်း ဘယ်လိုမှ ငွေကြေးနှင့် ဝယ်၍ မရ၊ ဘယ်လိုမှ “ရော့ပတ္တမြား၊ ရော့နဂါး” ဆိုပြီး ဖြည့်တင်း လို့မရ၊ တိုးချဲ့၍ မရတာကတော့ လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကျန်းမာရေးဝန်ထမ်း၊  ဆရာဝန်/  ဆရာမများ၊  သူနာပြုများ၊  ဆေးဘက်ဆိုင်ရာ   ကျွမ်းကျင်သူများပင် ဖြစ်ပါသည်။

သည်အချိန်၊ သည်ကာလမှာ  ကျန်းမာရေးဝန်ထမ်း၊  ဆရာဝန်/ ဆရာမ၊ သူနာပြု၊ ဆေးဘက် ဆိုင်ရာ ကျွမ်းကျင် သူများက  ပြည်သူများအတွက်   အဓိကကျသူများ၊ နိုင်ငံတော်မှ  အားကိုး အားထားပြုရသူများ   ဖြစ်သကဲ့သို့ ကိုဗစ်-၁၉  ဖြစ်ပွားနေချိန်မှာ  ကျန်းမာရေးဝန်ထမ်းများနှင့်အတူ   နေ့ရောညပါ  ပူးပေါင်းပါဝင်ကူညီဆောင်ရွက် နေကြသည့်   ပရဟိတအဖွဲ့များ၊   လူမှုရေးအသင်းအဖွဲ့များ ကလည်း များစွာအထောက်အကူပြုလျက်ရှိသည်။

တစ်ကျော့ပြန်ဖြစ်ပွားမှုမှာ ပိုမိုများပြား

“တောင်ဝှေးလဲရင် ဖိုးသူတော်ထူနိုင်တယ်၊ ဖိုးသူတော် လဲရင် တောင်ဝှေးမထူနိုင်” ဆိုသကဲ့သို့ ကိုဗစ်-၁၉ သံသယ လူနာများ၊   ပိုးတွေ့ရှိသူများကို ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်/ ဆရာမများ၊ သူနာပြုများ၊  ဆေးဝါး ကျွမ်းကျင်သူများက  နေ့၊ ညမပြတ် စစ်ဆေးကုသ စောင့်ရှောက်မှု  ပေးနိုင်  သော်လည်း၊  ပေးနေသော်လည်း  အဆိုပါ   ကျန်းမာရေး ဝန်ထမ်း ဆရာဝန်၊ ဆရာမများ၊ သူနာပြုများမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလျှင်ဖြင့် မတွေးဝံ့ အောင်ဖြစ်နေပါပြီ။

မတွေးဝံ့သော်လည်း  ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ကျန်းမာရေးဝန်ထမ်းများ ရှိနေကြောင်း၊  ပထမ ဖြစ်ပွားသည်ထက်   တစ်ကျော့ပြန်ဖြစ်ပွားမှုမှာ    ပိုမို များပြားကြောင်း စိတ်မကောင်းဖွယ်ရာကြားသိရ ပြန်သည်။

ထို့ကြောင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က “တစ်ကျော့ပြန်   ကိုဗစ်-၁၉   ဖြစ်ပေါ်နေတဲ့   ကာလမှာ ရှေ့တန်း တိုက်စစ်မှူးတွေဖြစ်တဲ့  ကျန်းမာရေး ဝန်ထမ်းတွေ  ကိုဗစ်-၁၉ ကူးစက် ခံရမှု ပိုမိုများပြား လာပါတယ်။  အဲဒီလို  ကူးစက်ခံရတဲ့   ကျန်းမာရေး ဝန်ထမ်းတွေကို    အမြန်ဆုံး ဆေးကုသမှုပေးကာ လုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့  စီစဉ်နေပါတယ်။ စစ်တိုက်သလိုပဲ၊ ဒီတပ်ရင်းတစ်ရင်း ရှေ့ကထွက်ရင် နောက်တပ်ရင်း တစ်ရင်းက   အဆင်သင့်လုပ်ထားတယ်။ ပထမတပ်ရင်းမှာ  ထိခိုက်မယ့်သူရှိမယ်။  ဒဏ်ရာရတဲ့သူ ရှိမယ်၊ ဒီလူတွေကို ပြန်ကောင်းအောင် အနားပေးပြီး ကုသမယ်။ ဒီတပ်ရင်းကို   လူပြန်ဖြည့်မယ်၊   ဒုတိယတပ်ရင်း ပြန်ဆင်းလာတဲ့အချိန်မှာ ပထမတပ်ရင်းက ပြန်တိုက်မယ်။ တပ်ရင်း သုံးရင်း၊ ငါးရင်းလောက်ရှိရင် ပိုကောင်းတာပေါ့”ဟု  ကိုဗစ်-၁၉ အမြစ်ဖြတ် ချေမှုန်းရေးအစီအစဉ်ကို အားတက် သရောပြောကြားခဲ့ပါသည်။

ထို့အတူ စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်သော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကုသရေးဘက်မှအင်အား  နည်းလာပါက တပ်မတော်မှ တပ်ထောက်ကူများ၊ သူနာပြု သားဖွား သင်တန်းကျောင်း ၅၀ မှ ဆရာဝန်များ၊ သူနာပြုများနှင့် ဆရာ၊  ဆရာမများက  ရှေ့တန်းထွက်တိုက်ရန် စီစဉ်ထားကြောင်း ကိုဗစ်-၁၉ စစ်ဆင်ရေးအစီအစဉ်ကို ပြောကြားသွားသည်မှာ အားတက်ဖွယ်ရာ ကောင်းလှ ပါပေသည်။

သူရဲကောင်းများ

သည်အချိန်၊ သည်အခါ၊ သည်ကိုဗစ်-၁၉  တိုက်ပွဲ မှာဖြင့်  ကျန်းမာရေးဝန်ထမ်း၊   ဆရာဝန်၊   ဆရာမများ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများက ရှေ့တန်းစစ် မျက်နှာရောက် သူရဲကောင်းများပင် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါက ကူးစက်မှုမြန်ပြီး တစ်ယောက်ရောဂါ ကူးလျှင် မိသားစုသာမက ကိုယ်တွေနဲ့ ထိတွေ့ပြောဆိုခဲ့သူများပါ ကူးစက်နိုင်သည်။  အသက်ဆုံးရှုံး သည်အထိ ဖြစ်နိုင်သည်ကို သိပါလျက်နှင့်  ကိုယ်ကျိုးစွန့်  အနစ်နာခံကာ “ပြည်ထောင်စုကို၊ မြန်မာပြည်သူ ပြည်သားများကို အသက်ပေးလို့ ကာကွယ်နေသူ”   ကျန်းမာရေးဝန်ထမ်း များကို အားပေး ဂုဏ်ပြုချီးကျူး ကြရပေမည်။ ကူညီကြရပေမည်။

လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များကလည်း ကျန်းမာရေးဝန်ထမ်းများကို အထောက်အကူပြု ဝိုင်းဝန်းကူညီ လျက်ရှိနေသည်ကို တွေ့မြင်နေရပါသည်။

ထို့အတူ ကိုဗစ်-၁၉ ရောဂါခံစားနေရသည်ဟု သိရှိသူများ၊ သံသယရှိသူများ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသသည့်အခါ မိမိတို့၏အဖြစ်မှန်ခံစား နေရပုံတို့ကို  မကွယ်မဝှက်  မထိမ်မချန်  အမှန်အတိုင်း ပြောခြင်းဖြင့် ကျန်းမာရေး ဝန်ထမ်း များကို  ကူညီကြရန်  အထူးလို အပ်ပါသည်။

သို့ပါ၍ ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ ဆရာမများ၊  သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် သူများအား စွန့်လွှတ် စွန့်စား သူရဲကောင်း ကျန်းမာရေးဝန်ထမ်းများဟု ရေးသား ဂုဏ်ပြုလိုက်ရပါတော့သည်။      ။

 

မောင်မောင် (လျှပ်စစ်)