Skip to main content

ကိုဗစ်- ၁၉ ကာလအတွင်း အချင်းချင်းပြောသည့်စကား

ပြောစကားနားမဝင်ကြသူများ

စာရေးသူတို့  နိုင်ငံသည်   ယနေ့အချိန်တွင်  ကိုဗစ်- ၁၉  ဒုတိယအကျော့    ရိုက်ခတ်ခံနေ ရသည်။   တရိပ်ရိပ် တက်လာ နေသော  ပိုးတွေ့လူနာများကို  ထိန်းချုပ်ရန် အတွက်  နိုင်ငံတော် နှင့်   ပြည်သူလူထုသည် နေ့မအား ညမအား အစွမ်း ကုန် ကြိုးပမ်းနေကြရသည်။ မီဒီယာ များမှ ပြည်သူလူထုလိုက်နာစောင့်ထိန်းရန်၊ ရှောင်ကြဉ် ရန် စည်းကမ်းများကို အကြိမ်ကြိမ် အဖန်ဖန် ပြောကြားနေသည်။   သို့ရာတွင်  ပြောစကားကို   နားမဝင် ကြသူများ တွေ့မြင်နေရသည်။

စက်တင်ဘာ ၁၉ ရက်နေ့ မြန်မာ့အလင်းသတင်း စာတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်‌ရေးစည်းကမ်းချက် များအား  လိုက်နာခြင်းမရှိသော  သူများအား ဆက်လက် အရေးယူလျက် ရှိကြောင်း ဖော်ပြထားသည်။ ထိုသတင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊   ရန်ကုန်တိုင်း ဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   KTV  ဆိုင်ပိုင်ရှင်နှင့် အလုပ် သမားများ၊    ရာနှင့် ချီသော   ညမထွက်ရအချိန် ကျော်လွန်သွားလာသူများနှင့်     နှာခေါင်းစည်းမတပ်သူ များကို        အရေးယူခဲ့ရကြောင်း   ဖော်ပြထားသည်။     အရေးယူရသည့်အမှုများ   လျော့ကျ သွားခြင်း မရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်  ဆောင်ရွက်ပေးကြပါရန် ကိုလည်း အသိပေးနှိုးဆော်ထားသည်။

စက်တင်ဘာ ၁၁ ရက်နေ့ Yangon Nation News Media မှ ဖော်ပြသော facebook စာမျက်နှာတွင်လည်း ရန်ကုန်မြို့ အတွင်း နှာခေါင်းစည်းများကို မေးစေ့တွင်ချိတ်၍ (အချို့သူများတွင် လုံးဝမပါ) သွားလာနေသူများ၏ ဓာတ်ပုံများကို ဖော်ပြထားသည်။

ထိုသူများသည် ကိုဗစ်- ၁၉ ရောဂါပျံ့နှံ့နေသော ယနေ့အချိန်တွင် မိမိကိုယ်တိုင်အတွက်၊ မိသားစုအတွက်၊ အခြားလူများအတွက် မိမိ၏ အမူအကျင့်ကို မပြောင်းလဲ နိုင်ကြသူများ ဖြစ်ကြသည်။

စည်းကမ်းလိုက်နာသော အမူအကျင့်

စည်းကမ်းလိုက်နာသော အမူအကျင့်သည် ငယ်ရွယ်စဉ် ကလေးဘဝမှစ၍ တစ်စတစ်စ စုဆောင်း ဖြစ်ပေါ်လာခဲ့သော အရာဖြစ်သည်။ မိဘ၏ အဆုံးအမနှင့် အပြုအမူ၊ သင်ကြား ခဲ့ရသော ပညာရေး၊ ပတ်ဝန်းကျင်ရှိ  လူများ၏ ဓလေ့စရိုက်နှင့်  အသက်မွေးဝမ်း ကျောင်း စသောအကြောင်းအရာများစွာက လွှမ်းမိုးပြီး တစ်စ တစ်စ ပုံသွင်းယူ လာခဲ့သော   ကိစ္စဖြစ်သည်။ အဓိက အကြောင်းနှစ်ရပ်မှာ  ကိုယ်တိုင်၏ အသိဉာဏ်ပညာနှင့် ပတ်ဝန်းကျင်၏ စေ့ဆော် တိုက်တွန်းမှုတို့ ဖြစ်ကြသည်။

အသိဉာဏ်ပညာရှုထောင့်မှကြည့်လျှင် လူပုဂ္ဂိုလ် လေးမျိုး ကွဲပြားသွားပြန်သည်။

 (၁) အသိဉာဏ်ပညာရှိ၍ စည်းကမ်းလိုက်နာသောသူများ

 (၂)   အသိဉာဏ်ပညာရှိသော်လည်း စည်းကမ်းမလိုက်နာသောသူများ

 (၃) အသိဉာဏ်ပညာမရှိသော်လည်း   စည်းကမ်းလိုက်နာသောသူများ

 (၄)  အသိဉာဏ်ပညာလည်းမရှိ  စည်းကမ်းလည်း မလိုက်နာသောသူများ ဖြစ်ကြသည်။

ဤတွင် ပတ်ဝန်းကျင်၏   အခန်းကဏ္ဍသည် အရေးကြီးလာကြောင်း   တွေ့ကြရသည်။  အသိဉာဏ် ပညာ မရှိသော်လည်း စည်းကမ်းလိုက်နာသောသူများသည် မိတ်ဆွေကောင်း များရှိသော ပတ်ဝန်းကျင်ကောင်း များတွင် ရှိနေကြသူများ ဖြစ်ကြသည်။ ပတ်ဝန်းကျင် ကောင်းရှိသူများသည် စည်းကမ်းလိုက်နာသူများဖြစ်ကြပြီး စည်းကမ်းလိုက်နာရန်လည်း အချင်းချင်းတိုက်တွန်း ပြောဆိုနေကြသူများ ဖြစ်ကြသည်။

အသိဉာဏ်ရှိလျက် စည်းကမ်းမလိုက်နာသော သူများသည်လည်း  စည်းကမ်းလိုက်နာသော ပတ်ဝန်း ကျင်ကောင်း အတွင်းသို့ ရောက်လျှင် အလွယ်တကူ ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင် ကောင်းနှင့် မိတ်ကောင်း ဆွေကောင်းများသည် လူတစ်ယောက်၏ အမူအကျင့်ကို ပြောင်းလဲစေသော ကြီးစွာ သော အကြောင်းအထောက်အပံ့ တစ်ခုဖြစ်သည်။

ယနေ့အချိန်သည် ကိုဗစ်- ၁၉  ရောဂါ ပြန့်ပွားနေခြင်းကို ထိန်းချုပ်ရန်အတွက်   ချမှတ်ထား သော စည်းကမ်းများကို လူတိုင်း(တစ်ယောက်မကျန်) လိုက်နာရမည်ဖြစ်သည်။  ထို့ကြောင့်   စည်းကမ်းလိုက်နာသော သူများရှိသော ပတ်ဝန်းကျင် ကောင်းများကို ဖန်တီးကြရမည် ဖြစ်သည်။ ထိုသို့ဖန်တီးရန်မှာမခက်ခဲပါ။ မိမိကိုယ်တိုင် စည်းကမ်း လိုက်နာခြင်းနှင့် မိမိမိတ်ဆွေများကိုလည်း စည်းကမ်းလိုက်နာရန် အချင်းချင်း တိုက်တွန်းပြောဆိုရန်တို့ ဖြစ်သည်။

အချင်းချင်းပြောကြပါ

အချင်းချင်းပြောသော စကားများသည် အသိတရားနှင့် အမူအကျင့်ကို အမှန်ပင် ပြောင်းလဲစေနိုင်ပါသည်။

အချင်းချင်းဆိုသည်မှာ  အသက်မွေးဝမ်းကျောင်း၊ လူမှုရေး၊ ဘာသာရေးနှင့် ပညာရေး အခြေခံတို့ နီးစပ်တူညီသော မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။ သတင်းစာများ၊ အထက်လူကြီးများနှင့် ဆရာသမားများ ပြောသည့် စကားထက် အချင်းချင်းပြောသော စကားများသည် အလွယ်တကူ နားဝင် လွယ်သော စကားများဖြစ်ကြသည်။ လူငယ်များ အတွင်းတွင်လည်း အချင်းချင်းပြောသော စကားများကို  မိဘပြောသော စကားများထက် ပို၍လက်ခံ ကြသည်။ အဘယ်ကြောင့်နည်း။

အချင်းချင်း ပြောသော  စကားများသည် တူညီသော ခံစားချက်များ၊   မျှော်လင့်ချက်များ၊   စိုးရိမ်စိတ်များမှ ပေါ်ထွက် လာသော စကားများဖြစ်ကြသည်။ ပြောသူနှင့် နားထောင်သူ အကြားတွင် တားဆီးထားသော အကန့်အသတ်မရှိဘဲ လွတ်လပ်စွာ   ဆက်သွယ်နေခြင်း ကြောင့်လည်းဖြစ်သည်။ သုံးစွဲသော စကားလုံးများမှာ လည်း ရင်းနှီးပြီးသား   စကားလုံးများ ဖြစ်ကြသည်။ တစ်ဦးနှင့် တစ်ဦး ရင်းနှီးမှုနှင့် ယုံကြည်မှု ရှိပြီးဖြစ် သည့်အတွက်ကြောင့်လည်း    ဖြစ်သည်။ အားမနာတမ်း  ပြန်လည်ဆွေးနွေး ငြင်းခုံနိုင်သည့်အတွက်ကြောင့် လည်း ဖြစ်သည်။

အချင်းချင်းပြောသောစကားများ၏ ထိရောက်ပုံကို facebook တွင် တွေ့မြင်နိုင်သည်။ ယနေ့ ကမ္ဘာနှင့်အဝန်း သန်းပေါင်းများစွာသောသူများ facebook ကို သုံးစွဲနေကြသည်မှာ အချင်းချင်း ပြောသော စကားများကို နားထောင်လို၍  ဖြစ်သည်။  နိုင်ငံတော်၏ တရားဝင် မီဒီယာများမှ   ဖော်ပြချက်များထက်  facebook  မှ ပြောစကားများကို ပို၍အလွယ် တကူ လက်ခံလေ့ရှိကြ သည်။

ကမ္ဘာနှင့် အဝန်းတက္ကသိုလ်များတွင် ကျောင်းသား အချင်းချင်း အပြန်အလှန်သင်ကြားသော စနစ် (Peer Learning) ကို ‌အောင်မြင်စွာ အကောင်အထည်ဖော် လျက်ရှိသည်။  သြစတြေးလျ နိုင်ငံ TAFE University ၌ ဘာသာဗေဒလေ့လာ နေသော    ကျောင်းသားများအား အုပ်စုဖွဲ့လျက်   အချင်းချင်း   အပြန်အလှန်သင်ကြားစေ ခြင်းဖြင့် သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိစေ ခဲ့သည်။ North Carolina ပြည်နယ် DUKE University တွင်လည်း   ထိုနည်းစနစ်ကို ကျင့်သုံး၍  အလားတူ ‌အောင်မြင်မှုများ ရှိခဲ့သည်။

မိတ်ဆွေများအတွင်း အချင်းချင်းပြောစကားများနှင့် ပြုမူဆောင်ရွက်ခြင်းများသည် တစ်ဦး တစ်ယောက်ချင်းစီ၏ အသိတရားနှင့် အမူအကျင့်ကို ပြောင်းလဲစေနိုင်ကြောင်း   အနောက် တိုင်းမှ  အမူအကျင့်ပါရဂူများ (Freire(1970),  Fishbein & Ajzen (1976), Bandura (1986)) က ဖော်ပြခဲ့ကြသည်။ စာရေးသူတို့ မြန်မာ့ဓလေ့တွင်လည်း တွေ့မြင်နိုင်သည်။ ‘တံငါနားနီးတံငါ မုဆိုး နားနီးမုဆိုး’ ဆိုသောစကားရပ်နှင့် ‘သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက် တွေ့’ ဆိုသောစကားရပ်တို့သည် မိတ်ဆွေအချင်းချင်း တစ်ဦးအပေါ်တစ်ဦး လွှမ်းမိုးနိုင် စွမ်းအား  ကြီးမားလှကြောင်း   ဖော်ပြနေကြ သည်။ ငါးရာ့ငါးဆယ် နိပါတ်တော်တွင် ငယ်စဉ်က တည်းက ကွဲကွာသွားခဲ့သော ကျေးငှက်နှစ်ကောင်သည် မတူညီသော အနီးကပ်မိတ်ဆွေ များကြောင့်   အသိတရားနှင့် အမူအကျင့် ကွဲပြားသွားကြောင်း ဖတ်ရှုရသည်။ လူဆိုးလူမိုက်တို့ထံ      ရောက်သွားသော ကျေးငှက်သည် ကြမ်းတမ်းမိုက်ရိုင်းသွားပြီး ရသေ့သူတော်စင်ထံ ရောက် သွားသော ကျေးငှက်သည် ယဉ်ကျေးသိမ်မွေ့ သွားကြသည်။ ဗုဒ္ဓမြတ်စွာသည်လည်း အရှင်အာနန္ဒာမထေရ်အား လောကီလောကုတ္တရာ နှစ်ဖြာအကျိုးစီးပွား ပြီးမြောက် အောင်မြင် စေရန် မိတ်ဆွေကောင်းသည် ရာနှုန်းပြည့် အရေးကြီးသော အကြောင်းအထောက်အပံ့ ဖြစ်ကြောင်း ဟောကြားတော်မူခဲ့လေသည်။

ထို့ကြောင့် မိမိကျင်လည်နေရာ အသိုင်းအဝိုင်းအတွင်း မိမိကိုယ်တိုင်၏  အပြောအဆိုများနှင့် အပြုအမူများသည် မိတ်ဆွေများ အပေါ် ကြီးစွာသော အကျိုးသက်‌ ရောက်မှုများရှိနေကြောင်း သိရှိထားခြင်းသည် ယနေ့ ကိုဗစ်- ၁၉ ကာလတွင်   အသိတရားနှင့်   အမူအကျင့် ပြောင်းလဲရန် အတွက်  များစွာအထောက်အကူ ဖြစ်စေသည်။

လူတိုင်းအပေါ်ကျရောက်လာသော တာဝန်နှစ်ရပ်

ယနေ့အချိန် ကိုဗစ်- ၁၉ ရောဂါ ပြန့်ပွားနေခြင်းကို ထိန်းချုပ်ရန်အတွက် နိုင်ငံတော်အဆင့်ဆင့် တာဝန်ရှိသူ များ၊ ကျန်းမာရေးဝန်ထမ်းများ၊   စေတနာအလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ    နေ့မနားညမအား   ဆောင်ရွက် နေကြစဉ် ပြည်သူလူထု တစ်ဦးချင်းစီအပေါ်၌ ဆောင်ရွက် ရန် တာဝန်နှစ်ရပ် ကျရောက်လာပါ သည်။

ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို မိမိကိုယ်တိုင် လိုက်နာရန်နှင့်   မိတ်ဆွေများ ကိုလည်း တိုက်တွန်း ပြောဆိုရန်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရုံး/ဌာနများတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ကြီးကြပ်သူများ/တာဝန်ကျဝန်ထမ်းများ  အနေဖြင့်  အချင်းချင်း     သတိပေးပြောကြားရမည့်   အချက်များကို အလေးအနက်ဆောင်ရွက်ကြရမည် ဖြစ်သည်။

မိသားစုအတွင်းဖြစ်စေ၊    ရပ်ကွက်အတွင်းဖြစ်စေ၊ အလုပ်ခွင်အတွင်းဖြစ်စေ    မိမိကိုယ်တိုင်  စည်းကမ်းတကျ နမူနာပြ နေထိုင်ခြင်းနှင့် မိတ်ဆွေများကိုလည်း တိုက်တွန်းဆွေးနွေး   ပြောဆိုခြင်းတို့သည်   ကိုဗစ်- ၁၉ ရောဂါ ပြန့်ပွားနေသော  ကွင်းဆက်ကို ဖြတ်တောက်ရန် အခြေခံကျသော    လူတိုင်းပြုလုပ်ရမည့်   တာဝန်နှစ်ရပ် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။    ။

 

ပါမောက္ခ ဒေါက်တာမောင်