Skip to main content

Naypyitaw State Polytechnic University ၌ အခြေခံဆန်းသစ်တီထွင်မှုပြိုင်ပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၁

ပဉ္စမအကြိမ်မြောက် အာဆီယံ-အိန္ဒိယ အခြေခံဆန်းသစ်တီထွင်မှုဆိုင်ရာဖိုရမ်၏ Innovation Project Competition တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ကျောင်းသားလူငယ်များ၏ ပြည်တွင်းအဆင့် အခြေခံဆန်းသစ်တီထွင်မှုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်ရှိ Naypyitaw State Polytechnic University ၌ ကျင်းပသည်။

ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး Naypyitaw State Polytechnic University ဒုတိယပါမောက္ခချုပ်က ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းသည်။

ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများသည် တက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ၏ ဆန်းသစ်တီထွင်မှုပရောဂျက်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန် တက္ကသိုလ်ကိုးခုမှ ပရောဂျက် ၄၈ ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသုံးခုမှ ပရောဂျက်လေးခု၊ အစိုးရ နည်းပညာအထက်တန်းကျောင်းနှစ်ကျောင်းမှ ပရောဂျက်နှစ်ခု၊ ပရောဂျက်စုစုပေါင်း ၅၄ ခု တင်သွင်းခဲ့သော်လည်း အဖွဲ့ဖြင့် ပဏာမစိစစ်ရွေးချယ်ခဲ့ရာ တက္ကသိုလ်ရှစ်ခုမှ ပရောဂျက် ၁၆ ခု၊ အစိုးရစက်မှု လက်မှုသိပ္ပံသုံးခုမှပရောဂျက်လေးခုနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတစ်ကျောင်းမှ ပရောဂျက်တစ်ခု စုစုပေါင်းပရောဂျက် ၂၁ ခု ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

အဆိုပါပရောဂျက် ၂၁ ခုမှ ပဉ္စမအကြိမ်မြောက် အာဆီယံ-အိန္ဒိယ အခြေခံဆန်းသစ်တီထွင်မှုဆိုင်ရာ ဖိုရမ်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် အဖွဲ့ငါးဖွဲ့ကို ယနေ့ရွေးချယ်ဆုချီးမြှင့်ကြပြီး နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်