Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးကုသမှုပညာရှင်များ၏ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန် ဇန်နဝါရီ ၁၁

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးကုသမှုပညာရှင်များ၏ ညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပမှ ကင်ဆာဓာတ်ရောင်ခြည်အထူးကုဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာရူပဗေဒပညာရှင်များနှင့် ဓာတ်ရောင်ခြည်ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးကုသမှုပညာရှင်များ၏ ညီလာခံကို “State-of-the-Art of Hypofractionated Radiotherapy: Beyond Feasibility and Compliance” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တီထွင်ဆန်းသစ်မှုအသစ်များနှင့် တိုးတက်လာသည့် ကင်ဆာဓာတ်ရောင်ခြည်ဆေးပညာရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ပညာရှင်များသာမက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးကုသမှုပညာရှင်များ၏ အတွေ့အကြုံဗဟုသုတများ အပြန်အလှန်မျှဝေကြမည်ဟု သိရှိရ၍ မြန်မာနိုင်ငံရှိ အထူးကုရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များ၊ ကင်ဆာရောဂါ ဓာတ်ရောင်ခြည်အထူးကုဆရာဝန်များနှင့် ဘွဲ့လွန်သင်တန်းသား ဆရာဝန်များအတွက် ဗဟုသုတနှင့် ကျွမ်းကျင်မှုဆိုင်ရာများကို လေ့လာဖလှယ်ခွင့်ရရှိကြမည်ဖြစ်သဖြင့် လူနာဗဟိုပြုကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ကင်ဆာရောဂါဓာတ်ရောင်ခြည်ဆေးပညာရှင်များအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်ချိုဝင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဓာတ်ရောင်ခြည်ဆေးပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ပါမောက္ခ ဒေါက်တာမိုးလှိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ Cipto Mangunkusumo Hospital မှ ကင်ဆာဓာတ်ရောင်ခြည် ဆေးကုသမှုဆိုင်ရာပါမောက္ခ Professor Soehartati A. Gondhowiardjo တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ပါမောက္ခ ဒေါက်တာခင်ချိုဝင်းနှင့် ပါမောက္ခဒေါက်တာ မိုးလှိုင်တို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခင်းကျင်းပြသထားသော ပညာရပ်ဆိုင်ရာပိုစတာများကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ ညီလာခံကို ဇန်နဝါရီ ၁၁ ရက်မှ ၁၂ ရက်အထိ Hybrid စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပညာရှင်များသာမက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးကုသမှုပညာရှင်များကပါ အတွေ့အကြုံဗဟုသုတများ အပြန်အလှန်မျှဝေကြမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်(LA)အနေဖြင့် ပြည်သူ့ဆေးရုံများတွင် ၁၄ လုံး၊ ပုဂ္ဂလိကဆေးရုံများတွင် ခုနစ်လုံး၊ စုစုပေါင်း၂၁လုံး၊ Cobalt ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်အနေဖြင့် ပြည်သူ့ဆေးရုံများတွင် သုံးလုံး၊ Brachytherapy ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်အနေဖြင့် ပြည်သူ့ဆေးရုံများတွင် ငါးလုံး၊ ပုဂ္ဂလိကဆေးရုံများတွင် လေးလုံးတပ်ဆင်ကာ ကင်ဆာရောဂါလူနာများအား ကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး လူနာများစောင့်ဆိုင်းချိန်လျော့နည်းစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများက စနေ၊ တနင်္ဂနွေနေ့များအပါအဝင် နေ့၊ ည နှစ်ဆိုင်းခွဲ၍ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်