Skip to main content

နိုင်ငံအကျိုး လက်ဆင့်ကမ်းသယ်ပိုးဆောင်ရွက်မည့် မျိုးဆက်သစ်များ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိစေရေး လေ့ကျင့်ပျိုးထောင်ပေး

နေပြည်တော် ဇန်နဝါရီ ၁၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ရုံးဌာနများတွင် ပညာရေးနှင့်သက်ဆိုင်သည့် အခမ်းအနားများကို မြန်မာ့ယဉ်ကျေးမှုနှင့်အညီသာ ကျင်းပဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာနများတွင် တက္ကသိုလ်များအလိုက် လူရည်ချွန်များရွေးချယ်မည်ဖြစ်သဖြင့် ရွေးချယ်ရေးမူနှင့်အညီ စနစ်တကျရွေးချယ်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် အုပ်ထိန်းသူစနစ်ထားရှိပေးကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများအနေဖြင့် မိမိတို့တာဝန်ယူရသည့် နေရာဒေသအလိုက်၊ ကျောင်းများအလိုက် ပညာရေးအရည်အသွေးတိုးတက်ရေး၊ စီမံခန့်ခွဲမှု အရည်အသွေးကောင်းမွန်ရေး၊ ပညာရေးဆိုင်ရာအဆောက်အအုံများ အရည်အသွေး ကောင်းမွန်ရေးအတွက် စနစ်တကျကြီးကြပ်စီမံကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များကို အနာဂတ်သားကောင်းရတနာများ ဖြစ်လာစေရေးအတွက် စိတ်ကောင်းရှိရန်၊ ပညာတတ်ရန်၊ ဂါရဝတရားရှိရန်၊ မိမိနိုင်ငံ၏ယဉ်ကျေးမှုကို ထိန်းသိမ်းရန်၊ အကျင့်စာရိတ္တကောင်းမွန်ရန်၊ တိုင်းချစ်ပြည်ချစ် စိတ်ရှိစေရန် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကျောင်းသား ကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင်သင်ကြားရန်၊ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် သင်ကြားနည်းစနစ်များကို အသုံးပြုသင်ကြားရေးအားပေးကြီးကြပ်ရန် ကိစ္စများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက အခြေခံပညာကဏ္ဍစီမံခန့်ခွဲမှုဆိုင်ရာ၊ သင်ကြားရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တက်ရောက်လာကြသူများက ပညာသင်ကြားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲ၊ အမျိုးသမီးသံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် မနန်းအွမ်ဆိုင်ခမ်းအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်