Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းရှိန် မှော်ဘီမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံများ ကြည့်ရှုအားပေး

ရန်ကုန် ဇန်နဝါရီ ၁၁

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အလုပ်သမားအဖွဲ့အစည်း အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ရာတွင် အလုပ်သမားအဖွဲ့အစည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိမှတစ်ဆင့် မှတ်ပုံတင်အရာရှိချုပ်ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြဆောင်ရွက်နိုင်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် လုပ်ငန်းတာဝန်များကို ကောင်းစွာသိရှိလိုက်နာရန်လိုအပ်ကြောင်း၊ အလုပ်အမှုဆောင်အဖွဲ့သည် အလုပ်သမားများကို ကိုယ်စားပြုရန်နှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို အထောက်အကူပြုသည့် အရည်အချင်းမြင့် လုပ်သားများပေါ်ပေါက်စေရေးအတွက် လုပ်ငန်းခွင်သင်တန်းများနှင့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် မှော်ဘီမြို့နယ်ရှိ အထည်ချုပ်စက်ရုံများဖြစ်ကြသည့် General Textile (Myanmar) Apparel Co.,Ltd. နှင့် HENGDA (Myanmar) Apparel Co.,Ltd. သို့ သွားရောက်၍ အဆိုပါစက်ရုံများရှိ အလုပ်ရှင်၊ အလုပ်သမားများနှင့်တွေ့ဆုံသည်။

ထို့သို့တွေ့ဆုံစဉ် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများ၊ စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်