မြစ်ကြီးနား ဇန်နဝါရီ ၁၁
(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကချင်ပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ Jeng Phang နော်တောင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို ဆောင်ရွက်ပေးခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် လူမှုရေး၊ ယဉ်ကျေးမှု၊ ဥပဒေနှင့် နည်းပညာဆိုင်ရာအကြောင်းအရာများကို တစ်နေရာတည်းတွင် တွေ့မြင်နိုင်ကြမည်ဖြစ်ပြီး စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းဖြင့် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အကြောင်းအရာများအပြင် နိုင်ငံတကာဆက်ဆံရေး၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကိုလည်း သိရှိနိုင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ငွေကျပ်သိန်း ၂၀ နှင့် မြစ်ကြီးနားတက္ကသိုလ်စာကြည့်တိုက်နှင့် အခြေခံပညာကျောင်းစာကြည့်တိုက်များအတွက် သုတ၊ ရသ၊ စာစောင်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား ကျောင်းသူများက “ပန်းတိုင်းပွင့်စေ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ဆိုင်ရာ ပညာရေးပြခန်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဓာတ်ပုံပြခန်းများနှင့် အခြေခံပညာအဆင့် ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကျပန်းစကားပြောပြိုင်ပွဲများနှင့် လူရွယ်၊ လူငယ်များ ကာယ၊ ဉာဏစွမ်းရည်တိုးတက်စေရေးအတွက် စကားပုံဆက်၊ အရုပ်ဆက်ပြိုင်ပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ဆုရရှိခဲ့သော ကျောင်းသား ကျောင်းသူများအား ပွဲတော်အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် လေကြောင်းခရီးဖြင့် ပူတာအိုမြို့သို့ ရောက်ရှိကြပြီး ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်အတွင်းရှိ ရဝမ်အမျိုးသားဥယျာဉ်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ပူတာအိုဒေသ၌ ဆန်စပါးဖူလုံခြင်းအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပူတာအိုဒေသ ဆန်စပါးဖူလုံခြင်း အထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် ပူတာအိုဒေသ ဆန်စပါးဖူလုံခြင်းအထိမ်းအမှတ်အဖြစ် ရိုးရာမနောအကကို ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများဖြစ်ကြသည့် ရဝမ်၊ လီဆူ၊ တိုင်းခမ်းတီ၊ ဂျိမ်းဖောစသည့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်အတူ ဆင်နွှဲကြသည်။
ယင်းနောက် ပူတာအိုမြို့နယ် လုံးစွတ်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ အကူအညီဖြင့် ဒေသတွင်း လည်ပတ်လျက်ရှိသည့် “ဆန်း” စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်ပိုင် လျှပ်စစ်စွမ်းအင်သုံးဆန်စက်လုပ်ငန်း လည်ပတ်နေမှုများကိုလည်းကောင်း၊ ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးတက်ဖြစ်ထွန်းနေသော ဒေသခံတောင်သူ၏ နေအိမ်ခြံဝင်းအတွင်း ဆောင်းသီးနှံ (ဟင်းသီးဟင်းရွက်ပင်များ) တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စုကိုဆက်သွယ်ပေးထားပြီး ကုန်ထုတ်လမ်းတစ်ခုဖြစ်သည့် ပူတာအို - နမ်ရှယ်ကော့ - လယ်မယ်ဝါဂျီ-မန်စေ-မန်စေခွန်လမ်း ခင်းကျင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်