Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဇန်နဝါရီ ၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်‌ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ရှိ ဧရာဝတီဧည့်ရိပ်သာ၌ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ အနေဖြင့်တရားဝင် သတ်မှတ်ချက်ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားရစေမည့် လုပ်ငန်းများကို နိုင်ငံတော်၏လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကိုမထိခိုက်စေဘဲ ဥပဒေနှင့်အညီစိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တိုင်းရင်းသားများ ၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာအရ သက်ဆိုင်သည့် မြေများပါဝင်မှု ရှိ၊ မရှိ အချိန်နှင့် တစ်ပြေးညီ ကွင်းဆင်းစိစစ်ပြီးဥပဒေ၊ နည်းဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယနေ့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ တင်ပြချက်များကို စနစ်တကျမှတ်သားပြီး သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာနှင့် ဒေသအတွင်းဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များ အပေါ်ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ချီးမြှင့်ငွေများပေးအပ်

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးတို့က ကချင်၊ ဂျိန်ဖော့၊ လော်ဝေါ်၊ လီဆူ၊ လာချိဒ်၊ ရဝမ်၊ ဇိုင်ဝါး၊ တိုင်းခမ်းတီ၊ တိုင်းလေ၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းလိုင်၊ ကရင်၊ ဗမာနှင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို ချီးမြှင့်ငွေများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်